ကိုယ့်မှာ သာယာပျော်ရွှင်ရတဲ့ Relationship ရှိရဲ့သားနဲ့၊ ကိုယ့်မှာ ချစ်သူ ကောင်မလေး ရှိရဲ့သားနဲ့ အခြားတစ်ယောက်ကို Crush နေမိတဲ့ အဖြစ်မျိုး ကြုံတွေ့ဖူးပါသလား။ ထိုအဖြစ်မျိုး ကြုံရတဲ့အခါ ထိုခံစားချက်အတိုင်း စီးမျောလိုက်ပါ သွားပါသလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ စိတ်ကို အတင်းချိုးနှိမ်ပြီး ကိုယ့် ကောင်မလေးတစ်ယောက်တည်းကိုပဲ အာရုံစိုက်ဖို့ ကြိုးစားနေပါသလား။
ကိုယ့်မှာ ချစ်သူ ကောင်မလေး ရှိရဲ့သားနဲ့ အခြားတစ်ယောက်ကို Crush နေမိတာသည် လူအယောက်တစ်ရာမှာ ၅၀ လောက် ခံစားနေကြရတဲ့ခံစားချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီခံစားချက်ကြောင့် သင်သည် သစ္စာဖောက်တစ်ယောက်၊ အကျင့်မကောင်းတဲ့သူတစ်ယောက် ဖြစ်မသွားပါဘူး။ သို့သော် ထိုခံစားချက်ကို ထုတ်ဖော်ပြလိုက်မယ်၊ ကိုယ့်စိတ်ကို အလိုလိုက်ပြီး လျှောက်လုပ်နေမိမယ်ဆိုရင်တော့ သင်သည် ဖောက်ပြန်တတ်တဲ့ လူတစ်ယောက်ဖြစ်သွားပါပြီ။
ဒါဆိုရင် ကိုယ့်မှာ ချစ်သူ ကောင်မလေး ရှိရဲ့နဲ့ အခြားတစ်ယောက်ကို Crush နေတဲ့အခါ ဘယ်လိုတုန့်ပြန်ရမလဲ။ ကိုယ်သည် ကျင့်ဝတ်ဖောက်ပြားတတ်တဲ့သူ၊ သစ္စာမဲ့တဲ့ သူတစ်ယောက်မဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမလဲ။
လူတစ်ယောက်ကို Crush နေခြင်းက ဆိုးတဲ့ကိစ္စမဟုတ်ပါဘူး
လူတစ်ယောက်ကို Crush နေတယ်ဆိုတာသည် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို မချစ်တော့လို့၊ သူ(မ)အပေါ် သစ္စာပျက်ပြားချင်လို့ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။
ဒီအချက်က သင်သည် အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ယောက်ပဲဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ချစ်သူ ကောင်မလေး အပေါ် သစ္စာမပျက်ဘဲ ချစ်နေလျက်နဲ့တင် အခြားတစ်ယောက်ကို Crush နိုင်ပါသေးတယ်။
စိတ်ကူးယဉ်အတွေးကမ္ဘာတစ်ခုလို့ သတ်မှတ်ပါ
Photo: Insider
သင့်မှာ သင်အလွန်အမင်းနှစ်သက်ရတဲ့ အမျိုးသမီးအနုပညာရှင်တစ်ယောက်ယောက်တော့ရှိမှာပါပဲ။ ထိုဆယ်လီအနုပညာရှင်ကို ကြိုက်နှစ်သက်ခြင်း၊ အားပေးခြင်းသည် သင့်ရဲ့ စိတ်ဝင်စားမှုကြောင့်ဖြစ်တည်လာတာဖြစ်ပါတယ်။ ထိုအနုပညာရှင်ကို ကြိုက်လွန်းလို့ဆိုပြီး ချစ်ရေးဆိုတဲ့သူတွေကလည်း မရှိသလောက်ရှားပါတယ်။
သင့်ရဲ့ Crush အပေါ် ထားရှိတဲ့ စိတ်ဝင်စားမှုကိုလည်း Crush တဲ့အဆင့်မှာတင် ရပ်တန့်ထားလိုက်ပါ။ ထိုကောင်မလေးရဲ့ အရည်အချင်းတစ်ခုခုက (ဥပမာ-သူမရဲ့အလှအပ) သင့်ကို ဆွဲဆောင်နေတာဆိုရင်လည်း ထိုအရာကို နှစ်သက်တဲ့အဆင့်မှာတင်ပဲ ရပ်တန့်ထားရပါမယ်။
ကိုယ်တကယ်ဖြစ်ချင်တာက ဘာလည်းဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ
စောစောကလိုမျိုး စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုလိုမျိုး ရပ်တန့်မထားနိုင်တော့ဘူးဆိုရင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မှာဖြစ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကို ရှေ့ဆက်တိုးချင်တာလား။
ဒီအချက်သည် အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်သည် ကိုယ်က ချစ်ရေးဆိုဖူးတဲ့၊ ကိုယ် ချစ်တယ်လို့ ပြောဖူးတဲ့ ကောင်မလေးနဲ့ Relationship တစ်ခု တည်ဆောက်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုတော့ ချမှတ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ချစ်သူအပေါ်မှာ သစ္စာမဲ့တဲ့လုပ်ရပ်မျိုး ဘယ်တော့မှမလုပ်မိဖို့လိုအပ်ပါတယ်။
ကိုယ့်ရဲ့ ခံစားချက်ကို ရှေ့ဆက်တိုးချင်တယ်ဆိုရင် လက်ရှိ Relationship ကို အရင်ဆုံး အဆုံးသတ်လိုက်ပါ
Photo: Inyarwanda
လူတစ်ယောက်ကို Crush တဲ့ ခံစားချက်သည် အမြဲတမ်း Crush တဲ့အဆင့်မှာတင် ရပ်တန့်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို ပုံဖော်ထုဆစ်ချင်တယ်ဆိုရင်တော့ လက်ရှိ Relationship ကို အရင်ဆုံး အဆုံးသတ်ပြီးမှ နောက်ဇာတ်လမ်းတစ်ခု စရမှာဖြစ်ပါတယ်။ ဒါမှ လက်ရှိချစ်သူအပေါ် တရားမျှတမှာဖြစ်သလို သူ့ကို စိတ်ဒဏ်ရာမပေးမိမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်သည်လည်း နာမည်ပျက်မရှိဖို့လိုအပ်တယ်မဟုတ်လား။
စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ။ ကိုယ့်ရဲ့ လက်ရှိ Relationship အပေါ် ပြန်လည်သုံးသပ်ပါ။ တစ်ချိန်ချိန်မှာ နောင်တရမယ့်ကိစ္စမျိုး မကျူးလွန်ချင်ဘူးဆိုရင် စိတ်လိုက်မာန်ပါ မဆုံးဖြတ်မိဖို့လိုအပ်ပါတယ်။ သေချာအချိန်ယူပါ။ ကိုယ့်လက်ရှိ ကောင်မလေးကို ချစ်သေးရဲ့လား။ မချစ်တော့ဘူးလားဆိုတာ အချိန်တစ်ခုယူပြီး ဆုံးဖြတ်သင့်ပါတယ်။
Crush တဲ့ ခံစားချက်သည် တစ်ချိန်ချိန်မှာ ပျောက်ကွယ်သွားမယ်ဆိုတာကို သတိရပါ
လူတစ်ယောက်ကို Crush တဲ့ ခံစားချက်သည် တခါတရံမှာ နှစ်နဲ့ချီ ကြာတတ်ပြီး တခါတရံမှာ ရက်အနည်းငယ်သာ ကြာတတ်ပါတယ်။ ကိုယ့်ကောင်မလေးအပေါ် ချစ်ခင်ကြင်နာရင်းနဲ့လည်း အခြားတစ်ယောက်ကို Crush တဲ့ ခံစားချက်သည်လည်း သူ့အလိုလို မှေးမှိန်ကာ နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားနိုင်ပါတယ်။ သင့်ရဲ့ Crush က သင့်ကို ပြန်မချစ်နိုင်ဘူးဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။
လိုအပ်ပါက တစ်စုံတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပါ
ကိုယ့်ယုံကြည်ရတဲ့ ကိုယ့်ဘော်ဒါတစ်ယောက်ယောက်ကို ဖွင့်ဟပြီး အကြံဉာဏ်တောင်းကြည့်ပါ။ သူတို့က သင့်ရဲ့ ရှုပ်ထွေးနေတဲ့ခံစားချက်များကို အရိုးရှင်းဆုံးနဲ့ အဖြေရှာတွေ့အောင် ကူညီပေးနိုင်ပါတယ်။ သို့သော် သင် ဖွင့်ဟတိုင်ပင်တဲ့ ဘော်ဒါက သင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့သူဖြစ်ဖို့ိုလိုအပ်ပါတယ်။ ကိုယ့်အတွက် မိတ်ဆွေလား၊ ရန်သူလားဆိုတာကို သေသေချာချာခွဲခြားသိမြင်ဖို့လိုအပ်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ပြဿနာများကို ရှောင်ရှားနိုင်မျာဖြစ်ပါတယ်။
သင့်ကောင်မလေးမှာလည်း Crush ရှိနိုင်ပါတယ်
Photo: TheIndependent
ကြားရတာ နည်းနည်းတော့ နားခါးပါလိမ့်မယ်။ ဒါပေမဲ့ ဒါသည်လည်း အမှန်တရားတစ်ခုပါပဲ။ သင့် ကောင်မလေးမှာလည်း သူ သဘောကျ စိတ်ဝင်စားရတဲ့ Crush တစ်ယောက်ရှိနိုင်ပါတယ်။ သင့်ကောင်မလေးက သင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြတာမျိုးလည်း ရှိနိုင်သလို မပြောပြဘဲ ကွယ်ဝှက်ထားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင့်မှာ Crush တစ်ယောက်ရှိတယ်ဆိုတာသည် အမှားကြီးတစ်ခုမဟုတ်ပါဘူး။
ကိုယ့်ရဲ့ Crush အပေါ် ထားရှိတဲ့ ခံစားချက်တွေကို ဒီ့ထက်ပိုပြီး မပြင်းထန်လာစေချင်ဘူးဆိုရင် တတ်နိုင်သမျှ သူ(မ)နဲ့ မပတ်သက်မိအောင် ဝေးဝေးနေပါ။ ကိုယ့် ကောင်မလေးကိုသာ ဂရုစိုက်ကာ ချစ်ခင်ကြင်နာပါ။ ဒါဆိုရင် တခဏတာ စိတ်ကစားတဲ့ ခံစားချက်သည် သူ့အလိုလို မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။
Source: Lovepanky
Featured Image: Eternityrose