မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုလာမယ့်နွေရာသီမှာ မေဆင် ဂရင်းဝုဒ် အတွက် ပေါင် ၃၄ သန်းဝန်းကျင်နဲ့ ရောင်းထုတ်သွားဖို့ အလိုရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီရာသီမှာ ဂီတာဖေးကို အငှားနဲ့ သွားရောက်ကစားနေခဲ့တာပါ။

Mason Greenwood

ယူနိုက်တက် အပယ်ခံ သစ်သားစိမ်းလေး ဟာ ဒီရာသီ လာလီဂါမှာ ပွဲပေါင်း ၂၁ ပွဲကစားထားပြီး သွင်းဂိုး ၅ ဂိုး ၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ လက်ရှိမှာတော့ ဂီတာဖေးမှာ ခြေစွမ်းပြနေတဲ့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားကို လာလီဂါ ထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနှဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတာပါ။

ဂရင်းဝုဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့်လည်း ယူနိုက်တက်အတွက် ပြန်ကစားဖို့ကတော့ လမ်းမမြင်ပါဘူး။ Fussball News ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ ဒီနွေရာသီမှာ ဂရင်းဝုဒ် ကို အပြီးသတ်ရောင်းထုတ်ဖို့ပြင်ဆင်နေပြီး ပေါင် ၃၄ သန်းဝန်းကျင် ရရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကတည်းက ယူနိုက်တက်အသင်းအတွက် ပွဲထွက်ခွင့်မရတော့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ မုဒိမ်းမှု ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ အတင်းအကြပ် ထိန်းချုပ်မှု အပါအဝင် စွဲချက်တင်ခံထားရတဲ့ အမှုတွေကနေ ကွင်းလုံးကျွတ် လွတ်သွားပြီးနောက် ၇ လအကြာမှာ ဂီတာဖေးက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂီတာဖေး အသင်းအနေနဲ့ ဂရင်းဝုဒ် ကို ခေါ်ယူခဲ့တဲ့အတွက် အကြီးအကျယ် ပြစ်တင်ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ မကြာသေးမီက ရီးရဲလ်မက်ဒရစ် စူပါစတား ဘယ်လင်ဟမ်က အင်္ဂလန်သားကို “မုဒိမ်းကောင်” လို့ ခေါ်ဆိုခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စပိန်အာဏာပိုင်တွေထံကို တိုင်ကြားခဲ့ပါသေးတယ်။

Mason Greenwood

Photo : The Sun

ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်ရှိမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားကာ အဆိုပါတိုင်ကြားမှုကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။ အကယ်၍ ပြစ်မှုခိုင်လုံပါက အသက် ၂၀ အရွယ် ရီးရဲလ်မက်ဒရစ် ကစားသမားဟာ ၄ ပွဲကနေ ၁၀ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ခံရနိုင်ခြေ ရှိနေပါတယ်။

ဂရင်းဝုဒ် ကတော့ ဂီတာဖေးအတွက် သောကြာနေ့က ဗီလာရီးရဲလ်နဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် နောက်ဆုံးပါဝင် ကစားပေးထားပါတယ်။

Featured Photo : Football Transfers