ဂျပန်ပြည်ကြီးဆီ ဟိုဟိုဒီဒီ အလည်သွားဖို့ စိတ်ကူးထားတဲ့ ခရီးသွားချစ်သူတွေအနေနဲ့ တိုကျို ၊ ကျိုတိုနဲ့ ဟီရိုရှီးမားတို့လို မြို့ကြီးတွေအပြင် အိုဆာကာ မြို့ကိုလည်း List ထဲထည့်ထားသင့်ပါတယ်။ အိုဆာကာဟာ ကမ္ဘာပေါ်က အကြီးဆုံး ကျွန်းတွေထဲကတစ်ခုဖြစ်တဲ့ ဟွန်ရှူးကျွန်းပေါ်မှာတည်ရှိတဲ့ ထူးခြားတဲ့ ဆိပ်ကမ်းမြို့ပါ။ ဂျပန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ရိုးရာယဉ်ကျေးမှုတွေကို ဖွေရှာလေ့လာနိုင်သလို မြည်းစမ်းချင်စရာ ဒေသထွက် ဂျပန်ရိုးရာ အစားအစာတွေ ၊ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေနဲ့ လည်ပတ်လို့ ကောင်းတဲ့ နေရာတွေမှ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်တော့ အိုဆာကာမြို့ တစ်ခွင်က လည်ပတ်လို့ကောင်းတဲ့ နေရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) Legoland Discovery Center

Photo : Osaka Tickets
အိုဆာကာ မှာရှိတဲ့ Legoland Discovery Center ကတော့ Lego အရုပ်လေးတွေကို နှစ်သက်သဘောကျသူတွေ သေချာပေါက် သွားသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဘယ်နေရာ ကြည့်ကြည့် Lego တွေနဲ့ တည်ဆောက်ထားတဲ့ Lego ကမ္ဘာကြီးထဲကို ရောက်ရှိသွားမှာ ဖြစ်ပြီး အနားယူအပန်းဖြေစရာ ပန်းခြံ ၊ 4D ရုပ်ရှင်ရုံနဲ့ အခြား စီးစရာ ကစားနည်းတွေ အများကြီး ရှိပါတယ်။ Lego ချစ်သူတစ်ယောက်ပဲ ဖြစ်ဖြစ် ၊ ကလေးတွေနဲ့ သွားရောက်လည်ပတ်ချင်လို့ပဲ ဖြစ်ဖြစ် လုံးဝသွားသင့်တဲ့ နေရာတစ်ခုဖြစ်ပြီး အိမ်အပြန်လက်ဆောင် အရုပ်လေးတွေလည်း အမှတ်တရ ဝယ်ယူလို့ ရပါတယ်။
(၂) Dotonbori

Photo : GaijinPot Blog
အစားအသောက် ချစ်သူမှန်ရင်တော့ အိုဆာကာ မှာ မသွားမဖြစ် သွားရမယ့် နေရာကတော့ Dotonbori ပါပဲ။ ခရီးသွားတွေကြားမှာ အဓိကအားဖြင့် Street Food တွေနဲ့ နာမည်ကြီးတာပါ။ Dotonbori တဝိုက်မှာ တော်တော်လေးကို အရသာရှိတဲ့ ဂျပန်ရိုးရာ လမ်းဘေးအစားအစာတွေ ၊ ပင်လယ်စာ အကင်တွေ ၊ Takoyaki ၊ ဂျပန် Ramen စစ်စစ်နဲ့ အခြား စုံလင်လှတဲ့ Street Food အမျိုးမျိုးကို မြည်းစမ်းနိုင်မှာဖြစ်သလို နီယွန်မီးရောင်စုံတွေကြားက ညခင်းအလှကို ခံစားရင်း ဖျော်ဖြေရေး အစီအစဉ်တွေ ၊ Activities တွေလုပ်ဆောင်ရင်း ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ ရပါတယ်။
(၃) Nishiki Beach

Photo : Find my Osaka-Japan
နေ့ချင်းပြန် ကမ်းခြေကို အပန်းဖြေခရီး ထွက်ချင်တဲ့ ခရီးသွားချစ်သူတွေအတွက် အိုဆာကာ မှာ Nishiki Beach ရှိပါတယ်။ မြို့နဲ့မလှမ်းမကမ်း အကွာအဝေးမှာ ရှိတာကြောင့် အချိန်အများကြီးပေးပြီး ကမ်းခြေခရီးသွားဖို့ မလွယ်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါ။ Jet Skiing စီးတာအပါအဝင် အခြားပျော်စရာကောင်းတဲ့ ရေပေါ်ကစားနည်းတွေနဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး မိသားစုနဲ့ ဖြစ်ဖြစ် ၊ ဘော်ဒါ အပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ပဲ ဖြစ်ဖြစ် တစ်နေ့တာ ကမ်းခြေခရီးစဉ် အတွေ့အကြုံကို ရှာဖွေနိုင်ပါတယ်။
(၄) Universal Studios Japan

Photo : Inside Osaka
ကမ္ဘာတစ်ဝှမ်းက Universal Studios ပန်းခြံနဲ့ ကစားကွင်းတွေကတော့ ခရီးသွားချစ်သူတွေကြားမှာ နာမည်ကြီး ရေပန်းစားပြီးသားပါပဲ။ အလားတူ ဂျပန်နိုင်ငံမှာရှိတဲ့ Universal Studios ဟာလည်း ထူးခြားပြီး လာရောက်လည်ပတ် အနားယူအပန်းဖြေသူတွေနဲ့ အမြဲတမ်း ပြည့်နေတာ ဖြစ်ပါတယ်။ Universal Studios Japan ဟာ အိုဆာကာ မြို့မှာ တည်ရှိတာဖြစ်ပြီး အဓိက နာမည်ကြီးတာကတော့ ဒိတ်ဒိတ်ကြဲ ကျော်ကြားတဲ့ ရုပ်ရှင်တွေကို မှီငြမ်းပြီး ပြန်လည်ဖန်တီး တည်ဆောက်ထားတဲ့ စီးစရာတွေ ၊ အဆောက်အဦးတွေနဲ့ အခြား ပျော်စရာကောင်းတဲ့ ကစားနည်းတွေ အများကြီး ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ အပတ်စဉ် ရက်အလိုက် ဖျော်ဖြေရေး အစီအစဉ်ကောင်းတွေရှိသလို တစ်နေ့တာကို ပျော်ရွှင်စွာ ဖြတ်သန်းချင်သူတွေ သွားရောက်အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
Source : NOMADasaurus
Featured Photo : BucketListly Blog
