မိုဟီတို ကော့လ်တေး ဟာ ၁၉၂၀ ခုနှစ်ဝန်းကျင်က ဟာဗားနားမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ကော့လ်တေးတစ်ခွက်အဖြစ် လူသိများပါတယ်။ ပုံမှန်အားဖြင့်တော့ မိုဟီတို ကော့လ်တေးကို ရမ် ၊ သံပုရာသီး ၊ ဆိုဒါ ၊ ပူစီနံရွက်တို့နဲ့ ဖျော်စပ်ပါတယ်။ အခုပြောပြမယ့် ဂျပန်စတိုင် ဆာကေး မိုဟီတို ကတော့ ဂျပန်ရိုးရာအရက် ဆာကေး ၊ Umeboshi လို့ခေါ်တဲ့ အချဉ်ဖောက်ထားတဲ့ အသီးတွေ ၊ Umeshu လို့ခေါ်တဲ့ ဂျပန်ဇီးသီးစိမ်အရက်တွေနဲ့ အဓိက ဖျော်စပ်ပါတယ်။ Ginger Simple Syrup လေးပါ ထပ်ပေါင်းဖျော်စပ်ရတာဖြစ်လို့ ရှတတလေး ချိုချဉ်ပြုံး အရသာလေးနဲ့ သောက်လို့ ကောင်းပါတယ်။

Photo : Distiller
ဂျပန်စတိုင် ဆာကေး မိုဟီတို ကော့လ်တေး ဖျော်စပ်ဖို့ အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
- ဆာကေး – ၁ အောင်စ
- ရမ်အဖြူ – ၁ အောင်စ
- Umeshu (ဂျပန်ဇီးသီးစိမ်အရက်) – ၁ အောင်စခွဲ
- Ginger Simple Syrup – အောင်စဝက်
- Lime Juice – အောင်စဝက်
- Umeboshi (အချဉ်ဖောက်ထားတဲ့အသီး) – စားပွဲတင်ဇွန်း၂ ဇွန်း (ခပ်ပါးပါးလှီးဖြတ်ပြီး)
- သံပုရာသီး – ၁ လုံး
- ပူစီနံရွက် – ၈ ရွက်ခန့်
အရင်ဆုံးကော့လ်တေးမဖျော်စပ်ခင် Ginger Simple Syrup ကိုယ်တိုင်ပြုလုပ်နည်းလေး ပြောပြပေးချင်ပါတယ်။ သကြား ၁ ခွက် ၊ ၂ လက်ခန့် ဂျင်းတက် ၁ ခု နဲ့ ရေ ၁ ခွက်တို့ လိုပါတယ်။ ဒယ်အိုးတစ်ခုမှာ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ သကြား ၊ ဂျင်းနဲ့ ရေကို ရောထည့်ပြီး ကျိုပေးပါ။ ပွက်ပွက်ဆူလာပြီဆိုရင် မီးကိုလျှော့ပြီး ၅ မိနစ်ခန့် သကြားလုံးဝပျော်ဝင်သွားတဲ့အထိ ဆက်တိုက်မွှေပေးရပါမယ်။ ဒါဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ Ginger Simple Syrup ရပါပြီ။ အသုံးမပြုခင် ဂျင်းကိုဖယ်ပြီး ပုလင်းတစ်ခုထဲပြောင်းထဲကာ အခန်းအပူချိန်မှာ အအေးခံပါ။ ရလာတဲ့ Ginger Simple Syru ကို ၂ ပတ်အထိ ရေခဲသေတ္တာထဲမှာထားပြီး သုံးနိုင်ပါတယ်။
Photo : The Manual
ကဲဒါဆိုရင်တော့ လွယ်ကူရိုးရှင်းပြီး သောက်လို့ကောင်းတဲ့ ဂျပန်စတိုင် ဆာကေး မိုဟီတို ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ဆက်ကြည့်ရအောင်ပါ။
အရင်ဆုံး ကော့လ်တေး ဖျော်စပ်မယ့် ဖန်ခွက်ထဲမှာ ပူစီနံရွက် နဲ့ Umeboshi (အချဉ်ဖောက်ထားတဲ့အသီး) ကိုရောထည့်ပြီး Bar Spoon လေးနဲ့ မွှေပေးပါ။ ပြီးတဲ့အခါ ဖန်ခွက်ထဲကို ရေခဲဖြည့်ပြီး ဆာကေး ၊ ရမ်အဖြူ ၊ Umeshu ၊ Ginger Simple Syrup နဲ့ Lime Juice တို့ကို အပေါ်မှာပြထားတဲ့ ပမဏအတိုင်း ရောထည့်ပေးပါ။ Bar Spoon လေးနဲ့ ဖန်ခွက်အောက်ခြေအထိ ဖြည်းဖြည်းချင်း မွှေပေးရပါမယ်။ နောက်ဆုံးမှာတော့ အပေါ်က အသင့်လှီးဖြတ်ထားတဲ့ သံပုရာကွင်းလေးတွေနဲ့ ပူစီနံရွက် အနည်းငယ် အလှဆင်လိုက်ပြီး ထူးကဲဆန်းသစ်တဲ့ ရှတတလေး ချိုချဉ်ပြုံးအရသာ ဂျပန်စတိုင် ဆာကေး မိုဟီတို ကော့လ်တေးတစ်ခွက် အသင့် သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : The Manual
