အင်တာမိုင်ယာမီ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်း ဟာ ကိုလံဘီယာကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
Photo : The Mirror
ဘက်ခမ်းနဲ့ သူ့ရဲ့ အင်တာမိုင်ယာမီအသင်းဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ကို ကာတာကလပ် အိုင်ရာယန်း ကနေခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး အဆိုပါ အသက် ၃၀ နှစ်အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း က ရိုဒရီဂွက်ဇ် ဟာ အင်တာမိုင်ယာမီ အသင်းရဲ့ပြောင်းလဲလာမယ့် အနာဂတ်အစီအစဉ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက မိုင်ယာမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး သူရဲ့ ဓာတ်ပုံတချို့ကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။
ဘက်ခမ်းကတော့ ပြီးခဲ့တဲ့ သတင်းပတ်က မိုင်ယာမီမှာရှိခဲ့တဲ့ အချိန်အတောအတွင်း ပျော်ရွှင်နေခဲ့တဲ့ ရိုဒရီဂွက်ဇ်ကို အမြဲတမ်း ပြန်လာဖို့ စိတ်ဝင်စားနေမယ်လို့ မျှော်လင့်နေပါတယ်။
Photo : ESPN
The Sun ရဲ့ဖော်ပြချက်အရ ဘက်ခမ်းနဲ့ အင်တာမိုင်ယာမီအသင်း လုပ်ဖော်ကိုင်ဖက်တွေဟာ မေဂျာလိဂ်ကို ခေါ်ယူဖို့အတွက် ရိုဒရီဂွက်ဇ်နဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ် နဲ့လည်း သဘောတူညီမှုရနိုင်ခြေများနေပြီး ရိုဒရီဂွက်ဇ်သာ အင်တာမိုင်ယာမီ ကို ရောက်ရှိခဲ့ပါက တစ်နှစ်ကို ၆.၅ သန်းတန် စာချုပ်နဲ့ အသင်းရဲ့ဝင်ငွေ အများဆုံး ထိပ်တန်း ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။
ရိုဒရီဂွက်ဇ်ကို နည်းပြ ဖီးလ်နဗီးလ်လက်ထပ်မှာ အခွင့်မသာဖြစ်နေတဲ့ ဂွန်ဇာလို ဟီဂူအင်ရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာရှိနေတယ်လို့ ဘောလုံးဝေဖန်သူတွေက ခန့်မှန်းထားပြီး ဟီဂူအင်ဟာ ရာသီမကုန်ခင်အထိသာ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိတော့တာ ဖြစ်ပါတယ်။
အကယ်၍ အာဂျင်တီနားတိုက်စစ်မှူးသာ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ရိုဒရီဂွက်ဇ်ဟာ ဒီနှစ်အစောပိုင်းက မွန်တာရေးအသင်းကို ထွက်ခွာသွားခဲ့တဲ့ မက္ကဆီကန်ကစားသမား ပီဇာရိုရဲ့နေရာမှာ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။
Photo : Forbes
ဘက်ခမ်းကတော့ လာမယ့် ဇူလိုင် ၇ ရက်နေ့ အမေရိကန် မေဂျာလိဂ် အပြောင်းအရွှေ့ဈေးကွက် စတင်ချိန်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တရားဝင်ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
အင်တာမိုင်ယာမီ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရှုံးထွက် ခြေစစ်ပွဲအဆင့်ကိုတောင် တက်ရောက်နိုင်ခြင်း မရှိခဲ့သလို ဒီနှစ် ၂၀၂၂ ရာသီအစမှာကတည်းက ရုန်းကန်နေခဲ့ရပြီး ပွဲစဉ် ၉ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိထားကာ ၁၄ သင်းသာရှိတဲ့ Eastern Conference လိဂ်ပြိုင်ပွဲမှာ အဆင့် ၁၂ နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။
Featured Photo : Daily Mail