မန်ချက်စတာယူနိုက်တက်အသင်း ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားကြီးဖြစ်သူ ဂျူနီယာ ရော်နယ်ဒို ဟာ ယူနိုက်တက် ယူ – ၁၂ အသင်းအတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်အတွင်း ဂိုးသွင်းယူအပြီးမှာ ဖခင်ဖြစ်သူရဲ့ အထင်အရ အောင်ပွဲခံပုံစံအတိုင်း Siuuu လို့ အော်ပြီး အောင်ပွဲခံ ခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ် ဂျူနီယာ ရော်နယ်ဒို ဟာ စပိန်လူငယ်ဖလားပြိုင်ပွဲအတွင်း EF Girones Sabat နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ယူနိုက်တက် ယူ – ၁၂ အသင်းအတွက် ၅ ဂိုးမြောက် ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

အဆိုပါပွဲစဉ်မှာ ဂျူနီယာ ရော်နယ်ဒိုက ဂိုးသွင်းအပြီး ထောင့်ကန်ဘော အလံတိုင်နားကို မပြေးမီ လေထဲမှာခုန်ကာ ဖခင်ဖြစ်သူရဲ့ အောင်ပွဲခံပုံစံနဲ့ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

၎င်းရဲ့အသင်းဖော်တွေကလည်း မြေထဲပင်လယ် နိုင်ငံတကာဖလားပြိုင်ပွဲအတွင်း အထင်ကရ အောင်ပွဲခံပုံစံ Siuuu ကို အတူတူလိုက်ပါအော်ဟစ်ပြီး အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

ဂျူနီယာ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေတာဖြစ်ပြီး ဂိုးတွေသွင်းယူပြီးတိုင်းမှာ ဖခင်ဖြစ်သူရဲ့ အောင်ပွဲခံပုံအတိုင်း အမြဲအောင်ပွဲခံလေ့ရှိတာ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်လူငယ်အသင်းနဲ့ အလားတူပြိုင်ပွဲမှာလည်း အခုလိုအောင်ပွဲခံခဲ့သေးတာဖြစ်ပါတယ်။

Photo : The Sun

တွစ်တာ လူမှုကွန်ယက်ပေါ်မှာတော့ ပရိသတ်တစ်ဦးက ” အဖေတူ သားပဲ” လို့ ချီးကျူး မှတ်ချက်ရေးသားခဲ့ပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” သူကို ကျောနံပါတ် ၇ ပေးလိုက်ပါ ” လို့ ရေးသားခဲ့ပါတယ်။

ဖခင်ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ၁၂ နှစ်ကြာဝေးကွာနေခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်မှာ ဂျူနီယာ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယူနိုက်တက်အကယ်ဒမီမှာ ဝင်ရောက်ကစားခဲ့တာဖြစ်ပြီး ဖခင်ခြေရာနင်းဖို့ ကြိုးစာနေတာ ဖြစ်ပါတယ်။

သူဟာ အကယ်ဒမီအသင်းအတွက် ချက်ခြင်း အကျိုးသက်ရောက်မှုတွေရှိစေခဲ့ပြီး ဂိုးအများအပြား သွင်းယူကာ ဖခင်ဖြစ်သူရဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်းနီရဲ့ သားဖြစ်သူ ကိုင်ရွန်နီနဲ့ အတူတွဲဖက်ကာ ခြေစွမ်းပြ ကစားနေတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုကတော့ သားကြီးဖြစ်သူနဲ့ ပတ်သတ်ပြီး ” ကျွန်တော့်သားက ထိပ်တန်းဘောလုံးသမားကောင်းတစ်ယောက် ဖြစ်လာမလားဆိုတာ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမှာပါ ၊ သူ့မှာ အလားအလာရှိပါတယ် ၊ သူက လျင်မြန်တယ် ၊ မြန်ဆန်တယ် အလိမ်အခေါက် ကောင်းကောင်းကစားနိုင်တယ် ၊ ဒါပေမယ့် မလုံလောက်သေးပါဘူး”

Photo : Manchester Evening News

” ကျွန်တော်သူ့ကို အောင်မြင်မှုရဖို့ အလုပ်နဲ့ စိတ်အားထက်သန်မှု လိုအပ်တယ်လို့ အမြဲပြောပါတယ် ၊ ကျွန်တော် သူ့ကို ဘောလုံးသမားဖြစ်အောင် ဖိအားမပေးပါဘူး၊ ဒါပေမယ့် သူ့ကိုဘောလုံးသမားဖြစ်စေချင်လားလို့ ကျွန်တော့်ကို မေးလာရင်တော့ ဟုတ်ကဲ့ လိုချင်တယ်လို့ပဲ ပြောရမှာပါ ”

” အရေးကြီးဆုံးကတော့ ဘောလုံးသမားပဲဖြစ်ဖြစ် ဆရာဝန်ပဲဖြစ်ဖြစ် သူရွေးချယ်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : Daily Mail