ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုပိုင်းမှာ အားနည်းကြသူတိုင်းဟာ ငွေရေးကြေးရေး ပြဿနာ အမြဲကြုံတွေ့ရတက်ပါတယ်။ ငွေကြေးဆိုင်ရာ ကောင်းမွန်တဲ့ အစီအစဉ်ချမှုနဲ့ အမျှော်အမြင်ရှိရှိ စနစ်တကျ စီမံခန့်ခွဲမှုရှိမှသာ အနာဂတ်ဘဏ္ဍာရေးအတွက် စိတ်အေးရမှာပါ။ သင်ဟာ လစဉ်လတိုင်း ငွေကြေးဆိုင်ရာ ပြဿနာနွံထဲက ရုန်းမထွက်နိုင် ဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကို သိထားဖို့ လိုပါမယ်။

(၁) အသုံးစရိတ် အစီအစဉ်တစ်ခု ဖန်တီးပါ

Spending Plan

Photo : CNN

ကျွန်တော်တို့ဟာ ရှာနိုင်တာထက် ပိုသုံးမိနေသ၍ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာ နွံထဲက ဘယ်တော့မှ ရုန်းထွက်နိုင်ဦးမှာ မဟုတ်ပါဘူး။ သင့်ရဲ့ဝင်ငွေဟာ လစဉ်အသုံးစရိတ်ထက် မပိုစေဖို့ သေချာစေမယ့် အကောင်းဆုံးနည်းလမ်းမှာ အသုံးစရိတ်ကို အသေးစိတ်ခြေရာခံပြီး သင့်တင့်မျှတတဲ့ ဘတ်ဂျက်တစ်ခု ဖန်တီးတာပါ။ တိကျသေချာတဲ့ အသုံးစရိတ် Plan တစ်ခုချမှတ်ပြီး သင်သတ်မှတ်ထားတဲ့ ဘတ်ဂျက်ဘောင်အတွင်းက ကျွံထွက်မသွားအောင် ထိန်းထိန်းသိမ်းသိမ်း သုံးစွဲမယ်ဆိုရင် ငွေရေးကြေးရေး ဆိုင်ရာ အဆင်မပြေမှုတွေထဲကနေ လွန်မြောက်နိုင်ပါလိမ့်မယ်။

(၂) အကြွေးကင်းအောင်နေပါ

debt

Photo : Verve, A Credit Union

ဘဏ္ဍာရေးဆိုင်ရာ မပြေလည်မှုတွေရဲ့ အဓိကတရားခံက အကြွေးယူတာပါပဲ။ အကြွေးသံသရာဟာ တော်ရုံနဲ့ အဆုံးမသတ်သလို လစဉ်လတိုင်းလည်း ဒီအကြွေးနွံထဲမှာပဲ တဝဲလည်လည် ဖြစ်နေတက်ပါတယ်။ အကြွေးကင်းအောင် နေထိုင်မယ်ဆိုရင် သင့်ရဲ့ အနာဂတ်ဘဏ္ဍာရေးမှာ အဆင်ပြေချောင်လည်မှုတွေ ရရှိလာမှာဖြစ်ပြီး ငွေရေးကြေးရေး ပြဿနာတွေ အများကြီး လျော့နည်းသွားတာကို တွေ့ရပါလိမ့်မယ်။ အကယ်၍ အကြွေးယူထားတယ်ဆိုရင်လည်း အဆိုပါ ကြွေးမြီးကို ကြေအောင်အရင်ဆပ်လိုက်ပါ။ တတ်နိုင်သလောက် လျော့လို့ရမယ့် အသုံးစရိတ်တွေကို ချုံ့ချပြီး အကြွေးကို ဦးဆုံးဆပ်တာက လစဉ်ကြုံတွေ့နေရတဲ့ ငွေကြေးအခက်အခဲတွေထက် အများကြီး သက်သာရာရလာစေမှာ ဖြစ်ပါတယ်။

(၃) စောစောငွေစုပါ

saving money

Photo : Hudson River Community Credit Union

ငွေစုတယ်ဆိုတာ စောစောစုနိုင်လေ အနာဂတ်ဘဏ္ဍာရေးအတွက် စိတ်အေးရလေလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ငွေစုဖို့အတွက် ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ သင့်ရဲ့လစဉ် ဝင်ငွေထဲက တချို့တဝက်ကို စုဆောင်းသိမ်းဆည်းထားခြင်းဟာ အနာဂတ်အတွက် စိတ်ချခိုင်မာတဲ့ ဘဏ္ဍာရေးအုတ်မြစ် တစ်ခုကို တည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ငွေစုပါ။ ငွေစုဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ ဒါပေမယ့် သင်စတင်တာ မြန်လေလေ သင့်ဘဝအတွက် ပိုကောင်းလေပါပဲ။

(၄) ငွေကြေးသုံးစွဲမှု မလုပ်မီ တွက်ချက်စဉ်းစားပါ

money

Photo : Peso Wise Mom

ကျွန်တော်တို့ ပစ္စည်းတစ်ခုခု ဒါမှမဟုတ် အသုံးအဆောင်တစ်ခုခု ဝယ်ယူဖို့ စိတ်အားထက်သန်တိုင်းမှာ မဝယ်ယူမီ လိုအပ်ချက်ကို အရင်ဆုံး ပြန်လည်စဉ်းစား သုံးသပ်သင့်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ လိုအပ်ချက်ထက် စိတ်ဆန္ဒရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်ပြီး ငွေသုံးတက်ကြလို့ပါ။ ဒါဟာ မလိုလားအပ်တဲ့ ငွေယိုပေါက်တွေနဲ့ ငွေရေးကြေးရေး ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဝယ်မယ် စဉ်းစားစဉ်းစား ငွေကြေးသုံးစွဲမှု မလုပ်မီမှာ အနည်းဆုံး ၃ ရက်လောက် ပြန်လည် တွက်ချက်စဉ်းစားသုံးသပ်ဖို့ အကြံပေးချင်ပါတယ်။ ငွေရေးကြေးရေး ဆိုင်ရာ ဆုံးဖြတ်ချက် ကြီးကြီးမားမားတွေ ချမှတ်တိုင်းမှာ ဘယ်တော့မှ အလျင်စလိုမလုပ်ပါနဲ့။

Featured Photo : Glamour