ပူပြင်းလှတဲ့နေရောင်၊ လေထုညစ်ညမ်းမှုနဲ့ အကြောင်းအမျိုးမျိုးကြောင့် အသားအရေတွေ ညစ်နွမ်းလာကြပါတယ်။ ဒါကြောင့် အမျိုးသားရော အမျိုးသမီးပါ အသားအရေ ထိန်းသိမ်းဖို့ လိုလာပါတယ်။ ဒီနေ့ခေတ်မှာ အမျိုးသားသုံး အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းများစွာကလည်း စျေးကွက်မှာ မျိုးစုံ ရနေပါပြီ။ ဒ့ါအပြင် ကျား၊ မ မရွေး ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းဖို့အတွက်လည်း အသားအရေ စနစ်တကျ ထိန်းသိမ်းဖို့လိုပါတယ်။ ဒီနေ့မှာတော့ ကိုယ့်လူတို့အတွက် စကီတွေ ကြွေဆင်းမယ့် ရူပါအဆင်းဖြစ်ဖို့ အခြေခံ စကင်းကဲနည်း ကို ဖော်ပြပေးချင်ပါတယ်။
မျက်နှာသစ်ဆေး အသုံးပြုပါ
Photo : Robert Report
ကွီးတို့ရေ ပုံမှန် မျက်နှာကို တစ်နေ့နှစ်ခါ သေချာသစ်ဖို့ လိုပါတယ်။ အထူးသဖြင့် တစ်နေ့တာလုံး အညစ်အကြေးများ၊ ချွေးများနဲ့ စုပုံနေတတ်တဲ့ ညပိုင်းမှာ မျက်နှာကို သေချာသန့်စင်ဖို့ လိုပါတယ်။ မျက်နှာကို သေချာသန့်စင်ခြင်း မရှိလျှင် ချွေးပေါက်များပိတ်ကာ ဝက်ခြံများ ထွက်လာနိုင်ပါတယ်။ နောက်တစ်ချက်အနေဖြင့် ယောက်ျားလေး တော်တော်များများက မျက်နှာကို ကိုယ်တိုက်ဆပ်ပြာ၊ ရိုးရိုးဆပ်ပြာတွေနဲ့ အလွယ်တကူ သစ်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းက အရေပြားတွင် မရှိမဖြစ်လိုအပ်သော အစိုဓာတ်ကို ဖယ်ထုတ်ပြီး မျက်နှာရဲ့ သဘာဝ pH မျှတမှုကို ထိခိုက်စေပြီး ယားယံကာ ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာအသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုဖို့ လိုပါတယ်။
အစိုဓာတ်ထိန်းခရင်မ် သုံးပါ
Photo : Next Luxury
ကွီးတို့ အသားအရေကောင်းဖို့အတွက် အစိုဓာတ်လိုပါတယ်။ ဘယ်ရာသီမှာမဆို သင့်တော်တဲ့ အသားအရေ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ကို တစ်နေ့တစ်ကြိမ် သို့မဟုတ် တစ်နေ့ နှစ်ကြိမ် အသုံးပြုသင့်ပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ဖို့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ ရေများများသောက်ဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန် တစ်နေ့လျှင် ရေရှစ်အောင်စ သောက်ဖို့ အကြံပြုထားသော်လည်း ဒီလို ပူပြင်းတဲ့ရာသီမှာ ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် ခန္ဓာကိုယ်ရော၊ အသားအရေအတွက်ပါ ရေငတ်သည့်အခါတိုင်း သောက်သင့်ပါတယ်။
Exfoliate လုပ်ပါ
Photo : JESSE JIMZ
ကိုယ့်လူတို့အတွက် အသားအရေကြည်လင်စေဖို့ စကင်းကဲနည်း အဆင့်တွေထဲမှာ Exfoliation ဆိုတဲ့ အဆင့်ကတော့ မပါမဖြစ်ပါတယ်။ Exfoliation တစ်နည်းအားဖြင့် ကြေးချွတ်ခြင်း က ကွီးတို့ရဲ့ အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကြေးချွတ်ရန်အတွက် အပျော့စား Scrub ဒါမှမဟုတ် ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ အမျိုးအစားကို အသုံးပြုနိုင်ပါတယ်။ သို့သော်လည်း တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထပ် ပိုမလုပ်သင့်ပါဘူး။
နည်းစနစ်တကျ Shaving လုပ်ပါ
Photo : Made Man
အမျိုးသားတို့ရဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းတဲ့နေရာမှာ မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့ Shaving ကိုလည်း နည်းစနစ်တကျ လုပ်ဖို့လိုပါတယ်။ မျက်နှာပေါ်မှာ အနာတရ မဖြစ်စေရန် သတိထားပါ။ အသားအရေကို ကာကွယ်ရန် မုတ်ဆိတ်ရိတ်သည့် အခါတိုင်း မုတ်ဆိတ်ရိတ်ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ မုတ်ဆိတ်ရိတ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်ကို အသုံးပြုပါ။
နေရောင်ကာခရင်မ်ကို အသုံးပြုပါ
Photo : MensXP
နေရောင်ခြည်မှထွက်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်ပျက်စီးစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ နေရောင်ခြည်ကို အလွန်အကျွံ ထိတွေ့ခြင်းက အရေပြားကင်ဆာကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်မှာ ၁၅ မိနစ်လောက်နေရင်တောင် နေရောင်ကာခရင်မ် လိမ်းပါ။ အကောင်းဆုံးကတော့ နေ့ဘက်မှာ အပြင်မထွက်ရင်တောင် နေရောင်+ကာခရင်မ် (Sunscreen) ကို လိမ်းပေးသင့်ပါတယ်။
ကိုယ့်လူတို့ရေ အသားအရေကို ထိန်းသိမ်းဖို့ဆိုရင် လုံလောက်စွာ အိပ်စက်အနားယူတာ၊ ရေများများသောက်တာ စတဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ ဖော်ပြပါနည်းလမ်းလေးတွေကို စနစ်တကျ လိုက်နာရင် ကိုယ့်လူတို့ အသားအရေ ကြည်လင်ပြီး စကီတွေ ကြွေဆင်းမယ့် ရူပါအဆင်းဖြစ်မှာ အသေအချာပါပဲဗျာ။
Source : STRYX
Featured Photo : Economics Time