တစ်ခါတစ်လေ ကိုယ့်အိမ်မှာ တစ်ယောက်တည်း နေနေတဲ့အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလိုမျိုး ခံစားဖူးပါသလား။ အိမ်မှာ ဘယ်သူမှ မရှိပါဘဲနဲ့ ကိုယ့်နာမည်ကို တစ်ယောက်ယောက်က လှမ်းခေါ်လိုက်သလိုမျိုး ကြားဖူးပါသလား။ ငါ စိတ်ထဲ ထင်နေတာဖြစ်မှာပါလေ ဆိုပြီး ဖြေသိမ့်လိုက်ပေမယ့် စက္ကန့်ပိုင်း အတွင်း အသည်း နှလုံးတွေ ပြုတ်ထွက်သွားတော့မလို ခံစားလိုက်ရတာတော့ အမှန်ပါပဲ။
ဒီလိုမျိုး သာမန်ထက် လွန်ကဲတဲ့ သဘာဝလွန်ဖြစ်ရပ်တွေက ကျနော်တို့ရဲ့ သာမန်ဆင်ခြင်သုံးသပ်ဥာဏ်နဲ့ ယှဥ်လာတဲ့အခါ လိုက်မမှီနိုင်တာတော့ အမှန်ပါပဲ။ ညဘက် ထမင်းစားခါနီးမှာ အိမ်သူ အိမ်သားတွေရဲ့ နာမည် မခေါ်ဘဲ ယေဘုယျအနေနဲ့ ထမင်း လာစားကြတော့ လို့ ခေါ်လိုက်တဲ့အခါမျိုး၊ ညအချိန်မှာ ကားဂိတ်မှာ ခရီးသည်တွေ တစ်ထောက်နားကြရင်း ကားပြန်ထွက်ခါနီးအချိန်မှာ “ကားပေါ် တက်ကြတော့” လို့ ပြောမိလိုက်ရုံနဲ့ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေပါ လိုက်ပါလာကြတတ်ပါတယ်။ ဒါ့ကြောင့်လည်း မှောင်ရီပျိုးတဲ့အချိန်ကစပြီး သတိထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေကျပြန်တော့ မှောင်ရီပျိုးချိန်မှာသာမက နေ့အလင်းရောင်ရတဲ့အချိန်မှာပါ ရှယ်ကြမ်းတာပါ။ ထိုနေရာမျိုးတွေဆိုရင်တော့ စက္ကန့် ပိုင်းအတွင်းမှာတင် အသည်း နှလုံးတွေတင် မကပါဘူး၊ လိပ်ပြာပါ လွှင့်သွားနိုင်ပါတယ်။
ထိုနေရာတွေကို သွားရောက်ပြီး သဘာဝလွန်ဖြစ်စဥ်တွေကို သွားရောက်မြင်တွေ့ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာတွေဆီ ခြေဆန့်သင့်ပါတယ်။
ကနေဒါနိုင်ငံ၊ Alberta ရှိ Banff Springs Hotel
ဒီဟိုတယ်ကတော့ စကော့တလန်နိုင်ငံက ရဲတိုက်ကြီးကို ဒီဇိုင်း အနည်းငယ် မှီငြမ်းကာ ဆောက်လုပ်ထားတာဖြစ်ပြီး ကနေဒါနိုင်ငံရှိ အကြီးကျယ် အခမ်းနားဆုံး ဟိုတယ်တွေထဲက တစ်ခုအပါအဝင်ပါပဲ။ ဒါ့အပြင် ကနေဒါနိုင်ငံထဲရှိ အခြောက်ကြမ်းတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။
ရှယ်ကြမ်းရခြင်း အကြောင်းအရင်းကလည်း အများကြီးပါပဲ။ ပထမ အကြောင်းအရင်းကတော့ သတို့သမီးတစ်ယောက်က သူ့ရဲ့ ဂါဝန်ကို မီးစွဲရာကနေ အထိတ်တလန့် ကြောက်အားလန့်အားနဲ့ ပြေးနေရာကနေ လှေကားပေါ်က ပြုတ်ကျပြီး ဇက်ကျိုးကာ သေဆုံးသွားတာဖြစ်ပါတယ်။ သူ(မ)ကို ရံဖန်ရံခါဆိုရင် ကပွဲခန်းမမှာ ဂါဝန်အနောက်က မီးစွဲနေရင်းတန်းလန်းနဲ့ ကနေတာကို မြင်တွေ့ရတတ်ပါတယ်။ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ အခန်း အမှတ် ၈၇၃ မှာ မိသားစု တစ်စုသည် အသတ်ခံခဲ့ရပါတယ်။ ထိုအခန်းကိုတော့ ထိုအချိန်ကစပြီး အုတ်တွေနဲ့ အသေပိတ်ထားလိုက်ပါပြီ။ ဒါပေမဲ့ ထိုမိသားစုကိုလည်း တစ်ခါတစ်ရံမှာ အခန်းရဲ့ အပြင်ဘက် လျှောက်လမ်းမမှာ မြင်တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ၁၉၆၀ နှင့် ၇၀ ပြည့်နှစ်တုန်းက အလုပ်လုပ်ခဲ့တဲ့ ဟိုတယ်က ဝန်ထမ်းတစ်ဦးဖြစ်သူကြောင့်ပဲဖြစ်ပါတယ်။ ထိုဝန်ထမ်းက ဧည့်သည်များရဲ့ အထုပ်အပိုးများကို သယ်ယူပို့ဆောင်ပေးတာဖြစ်ပြီး ဧည့်သည်များကိုလည်း အခန်းထိ ရောက်အောင် ကူညီပို့ဆောင်ပေးလေ့ရှိပါတယ်။ ၁၉၆၀ ပြည့်နှစ်က ဟိုတယ် ယူနီဖောင်းကို ဝတ်ဆင်ထားလေ့ရှိပြီး ဧည့်သည်များက အပိုဆုကြေး ပေးတော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ သူနဲ့ စကားစမြည်ပြောဖို့ ကြိုးစားရင်ပဲဖြစ်ဖြစ် ပျောက်ကွယ်သွားတတ်ပါတယ်။
အခုအချိန်မှာတော့ ဟိုတယ်ကြီးကို ဇိမ်ခံ ဟိုတယ်ကြီး အသွင် မွမ်းမံ ပြောင်းလဲထားပြီး တစ်နှစ်ပတ်လုံးမှာလည်း ခရီးသွားဧည့်သည်များနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ကွီးတို့က ကြောက်တတ်တယ်ဆိုရင်တော့ ထိုဟိုတယ်မှာ သွားမတည်းမိပါစေနဲ့။
အီတလီနိုင်ငံရှိ Poveglia ကျွန်း
ဒီကျွန်းကတော့ Venice နှင့် Lido ကြားထဲမှာရှိတဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး ကျူးကျော်သူများရန်ကနေ ပုန်းခိုရှောင်ပြေးလာရတဲ့ ဒုက္ခသည်များ နေထိုင်ရာ နေရာတစ်ခုပဲဖြစ်ပါတယ်။ ၁၄ ရာစုနှစ်တုန်းကလည်း ပုလိပ်ရောဂါ ခံစားနေရသူများကို ဒီကျွန်းသို့ ပို့ပစ်ပြီး သေစေခဲ့တာဖြစ်ပါတယ်။ ဝေဒနာ ခံစားရသူများ သေသွားသောအခါ မီးပုံအကြီးကြီးပေါ်တွင် မီးသဂြိုလ်ပစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ၁၈၀၀ ပြည့်နှစ်တုန်းကလည်း စိတ်ရောဂါ ဝေဒနာသည်များကို စမ်းသပ်မှုမျိုးစုံ၊ နှိပ်စက်မှုမျိုးစုံတို့ကို ကျူးလွန်ရာနေရာတစ်ခုဆိုလည်း မမှားပါဘူး။
ဒေသခံတွေကို ထိုကျွန်းအကြောင်း မေးကြည့်မယ်ဆိုရင် သူတို့က ထိုကျွန်းက ဝိညာဥ်များနှင့် ပြည့်နှက်နေမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါလိမ့်မယ်။ ဒါ့အပြင် စူးစူးဝါးဝါး ကျယ်ကျယ်လောင်လောင် အော်ဟစ်သံများကို မကြာခဏဆိုသလို ကြားရပြီး အရိပ်မည်းကြီးများ ဖြတ်ခနဲ လွှင့်ပြေးသွားတာမျိုးကိုလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပမှ ဧည့်သည်တစ်ယောက်က ကျွန်းပေါ်က ခြေချမိလိုက်တာနဲ့ ရန်လိုတဲ့ မကောင်းဆိုးဝါး ဝိညာဥ်ဆိုး အငွေ့အသက်များကို ခံစားရမိကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်မို့လည်း အကြောင်းသိတဲ့သူတွေက ထိုကျွန်းနားဆိုရင် မကပ်ချင်ကြပါဘူး။ ထိုအနီးအနားမှာ ငါးမျှားခြင်းကိုလည်း ရှောင်ကြဥ်ကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဆိုရင် ထိုကျွန်းကို လေလံဆွဲတာ အောင်မြင်လုနီးပါး ဖြစ်ခဲ့သည့်တိုင်အောင် ထိုကျွန်းသည် ကျိန်စာသင့်နေတဲ့အတွက်ကြောင့် လည်ပတ်သူတွေ မရှိသလောက်ပါပဲ။
သြစတျေးလျနိုင်ငံ၊ Port Arthur ရှိ The Separate အကျဥ်းထောင်
ဒီအကျဥ်းထောင်က လက်ရှိအချိန်မှာတော့ သမိုင်းဝင် ပြတိုက်နေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းအချိန်တုန်းကတော့ ထိုနေရာကို အကျဥ်းသားတွေကို အကျဥ်းချထားတဲ့နေရာဖြစ်ပါတယ်။ ဒီအကျဥ်းထောင်သည် တိတ်ဆိတ်တဲ့စနစ်ကို ကျင့်သုံးရပါတယ်။ အကျဥ်းသားများသည် ခေါင်းစွပ်ကို ဝတ်ထားရပြီး လမ်းလျှောက်တဲ့အခါ ခေါင်းငိုက်စိုက် လျှောက်ထားရကာ အကျဥ်းသား တစ်ယောက်နဲ့တစ်ယောက် စကားပြောခြင်းကိုလည်း တားမြစ်ထားပါသေးတယ်။
ဒီပြတိုက်သို့ လာရောက်သူများကလည်း ကြက်သီးမွှေးညှင်းထကာ ကျောထဲ စိမ့်သွားတဲ့ ခံစားချက်ကို ခံစားရကြောင်း ပြောကြားထားကြပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ နေရာတွေကို သွားရဲပါ့မလား။
Source: Wanderlust.co.uk
Featured Image: Contiki