ကျွန်တော်တို့ အားလုံးမှာ အရောင်အသွေးစုံတဲ့ စိတ်ကူးအိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ဘဝဆိုတာ အိမ်မက်တွေမရှိရင် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်လည်း မရှိနိုင်ပါဘူး။ အောင်မြင်ပျော်ရွှင်နေတဲ့ ပုဂ္ဂိုလ်တွေကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ဘဝမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို တဆင့်ချင်း နောက်မဆုတ်တမ်း အကောင်ထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ့်ဘဝမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက် တွေ လက်တွေ့တကယ် ဖြစ်လာဖို့ဆိုရင် အခုပြောပြမယ့် အကျင့်ဆိုးတွေကိုတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။
(၁) တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေ ရပ်လိုက်ပါ
Photo : hotcore.info
ကိုယ့်လက်ရှိ ဘဝထက် ပိုမြင့်တဲ့ နေရာတစ်ခုကို ရောက်နေကြသူတွေကို ကြည့်ပြီး အားကျစိတ်ဝင်မိတာဟာ လူ့သဘာဝပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အားမလိုအားရဖြစ်ကာ စိတ်ဓာတ်ကျနေမယ်ဆိုရင်တော့ လက်ရှိဘဝထက် ပိုတဆင့်နိမ့်တဲ့နေရာ တစ်ခုရောက်သွားနိုင်ပါတယ်။ စိတ်ကူးအိပ်မက် တွေ လက်တွေ့ဖြစ်လာချင်ရင် အဓိက လုပ်ရမှာက တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ဖို့ထက် သင်တကယ် ယှဉ်ပြိုင်ရမယ့် တစ်ဦးတည်းသောသူဟာ မှန်ရှေ့မှာ ရပ်ကြည့်တဲ့အခါ မြင်ရတဲ့ သင့်ကိုယ်သင်ပါပဲ။ သင်ဟာ မနေ့က ထက် ဒီနေ့မှာ ပိုပြီး တိုးတက်သူတစ်ယောက်ဖြစ်အောင် ကြိုးစားရပါမယ်။ တနေ့ထက်တနေ့ ပိုပြီး ကြိုးစားအားထုတ်ခြင်းနဲ့ပဲ အိပ်မက်ပန်းတိုင်တွေဆီ နီးကပ်လာအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
(၂) အတွေးထဲမှာပဲ လှောင်ပိတ်နေတာတွေ ရပ်တန့်လိုက်ပါ
Photo : Favim
ဘဝရဲ့အိပ်မက်တိုင်းဟာ လွယ်လွယ်နဲ့ ပြည့်ဝရိုးထုံးစံတော့ မရှိတာအမှန်ပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အစမပြုပဲ စိတ်ကူးထဲမှာပဲ ပိတ်လှောင်ထားမယ်ဆိုရင်လည်း အိပ်မက်တွေ ပြည့်ဝလာဖို့ မဖြစ်နိုင်ပါဘူး။ စိတ်ကူးအိပ်မက် တွေ တကယ် ဖြစ်လာဖို့အတွက် ပထမအဆင့်က လက်တွေ့ အကောင်အထည် ဖော်လိုက်ဖို့ ပဲလိုတာပါ။ ကိုယ့်မှာ စိတ်ကူးတွေ အိပ်မက်တွေရှိနေပြီဆိုရင် လက်တွေ့စလုပ်ဖို့ကို ဘာမှတွန့်ဆုတ် မနေသင့်ပါဘူး။ တွေဝေတာ ၊ ကိုယ့်ကိုယ်ကို သံသယ ဖြစ်တာတွေက သင့်ရဲ့ အိပ်မက်တွေ ပြည့်ဝဖို့ အကြီးမားဆုံး တားဆီးနေတဲ့ အဟန့်အတားတစ်ခုပဲ ဖြစ်ပါတယ်။
(၃) လွယ်လွယ်လက်လျှော့ဖို့ စဉ်းစာတာတွေ ရပ်လိုက်ပါ
Photo : Theology of Work
စိတ်ကူးအိပ်မက် တစ်ခုကို အကောင်အထည်ဖော်တယ် ဆိုတာဟာ တာဝေး မာရသွန်ပြေးပွဲ တစ်ခုလိုပါပဲ။ ပြေးလမ်းတစ်လျှောက်မှာ အတားအဆီး အခက်အခဲတွေ ၊ လဲကျမှုတွေများစွာ ကြုံရနိုင်ပါတယ်။ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း ၊ လဲကျသွားတဲ့ အခါတိုင်းမှာ လက်လျော့လိုက်ဖို့ စဉ်းစားရင် ကြိုးစားခဲ့သမျှဟာ သဲထဲရေသွန်ဖြစ်သွားနိုင်သလို ပန်းတိုင်ကိုလည်း ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ အိပ်မက်တွေ ပြည့်ဝအောင်စွမ်းနိုင်ခဲ့ကြသူတွေဟာ ဘယ်လိုအခြေအနေ ၊ အခက်အခဲပဲ ကြုံလာကြုံလာ နောက်မဆုတ်တမ်း အကောင်းဆုံးပုံဖော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
(၄) အချိန်ဖြုန်းနေတာတွေ ရပ်လိုက်ပါ
Photo : Peakpx
ကျွန်တော်တို့ဘဝမှာ အချိန်တွေက အရမ်းတန်ဖိုးကြီးပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန်တွေရဲ့ တန်ဖိုးကို မသိရင် ဘဝရဲ့ အဖိုးတန်အိပ်မက်တွေကို လက်လွှတ်ရပါလိမ့်မယ်။ သင့်ဘဝရဲ့ စိတ်ကူးအိပ်မက် တွေကို အကောင်အထည်ဖော်နိုင်ချင်ရင် တန်ဖိုးကြီးတဲ့ အချိန်တွေကို အကျိုးရှိစွာ အသုံးချတက်ဖို့ လိုပါတယ်။ အချိန်တွေကို ဘယ်တော့မှ အရေးမပါတဲ့ အရာတွေအတွက် အသုံးမပြုပါနဲ့။ တန်ဖိုးရှိတဲ့ မိနစ်တိုင်းကို တန်ဖိုးရှိစွာ အသုံးချရင်း ဘဝကို ပိုမိုမြင့်မားအောင် မြှင့်တင်လိုက်ဖို့ အကြံပြုချင်ပါတယ်။
Featured Photo : Pexels