မပျော်နိုင်လောက်အောင် စိတ်ဓါတ်တွေ ကျဆင်းလာနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဖို့ လိုလာပါပြီ။ လူရယ်လို့ ဖြစ်လာရင် လောကဓံကြောင့် စိတ်အတက်အကျဆိုတာ ကြုံစမြဲပါ။ ဘယ်လို အတက်အကျပဲ ကြုံကြုံ စိတ်ဓါတ်ကျ မနေအောင် မြှင့်တင်ဖို့ အရေးကြီးပါတယ်။ စိတ်အင်အားတွေ ကျဆင်းလာတယ်လို့ ခံစားရရင် ဒီအချက်လေးတွေ လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

Photo : Pexels
စိတ်ဓါတ်ကျ လာရင် အစားအသောက် ဂရုစိုက်ဖို့ ပြောချင်ပါတယ်။ အာဟာရက လူရဲ့ စိတ်နဲ့ ရုပ်ပေါ် လွှမ်းမိုးမှုရှိတာကို မေ့ထားလို့ မဖြစ်ပါဘူး။ စိတ်ဓါတ်ကျသူတွေအတွက် အဆီများတဲ့ ငါး ၊ အစေ့အဆံ ၊ အသီးအနှံ ၊ ဟင်းသီးဟင်းရွက် နဲ့ နို့တို့ သောက်ပေးသင့်ပါတယ်။ စိတ်ဓါတ်ဖိစီးမှုရှိနေချိန်မှာ အရက်သေစာ နဲ့ ဆေးလိပ်စတာတွေ ရှောင်ကြဉ်ဖို့ ၊ Ready Made အစားအစာတွေ ၊ ဆီကြော်စာနဲ့ Fast Foods တွေ မစားဖို့လည်း ပြောချင်ပါတယ်။
နောက်တစ်ခုက များများ အနားယူပါ။ အလုပ်တာဝန်တွေကနေ ခဏခွာပါ။ အိပ်ရေးဝအောင် ဂရုစိုက်ပါ။ Social Media ကနေ ခွာပါ။ ခရီးတွေ ထွက်နိုင်ရင် ပိုကောင်းပါတယ်။ ဝေးဝေး နီးနီး ခရီးတစ်ခုလောက် ဖြစ်ဖြစ် ထွက်လိုက်ပါ။ ခရီးထွက်တာဟာ စိတ်ပင်ပန်းမှု သက်သာစေသလို စိတ်လက်ကြည်လင် ရွှင်လန်းပြီး အားသစ် အင်သစ်တွေလည်း ဖြစ်စေနိုင်ပါတယ်။
ခရီးမထွက်နိုင်ရင်တော့ အနီးအနား လျှောက်လည်ပါ။ မနက်ဘက် လမ်းလျှောက်တာမျိုးတွေ လုပ်ပါ။ တစ်ယောက်တည်း သီးသန့် သင်းကွဲနေတာထက် စာရင် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပါ။ အားတဲ့အချိန် ချိန်းပြီး စကားတွေ ပြောတာ ၊ Activity တစ်ခုခုကို အတူတူ လုပ်တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။ အရေးကြီးတာက Social Contact ရှိနေဖို့ ဖြစ်ပါတယ်။
Photo : Pexels
ရုပ်ပိုင်းဆိုင်ရာအရလည်း ကြံ့ခိုင်မှုရှိအောင် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ Gym Session တစ်ခုခုမှာ စာရင်းပေးပြီး Gym ကစားတာ ၊ သူငယ်ချင်းတွေနဲ့ အတူ စုဖွဲ့ပြီး အားကစားလုပ်တာ ၊ ဘောလုံးကန်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ယောဂ သင်တန်း ၊ အကသင်တန်း တက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဝါသနာပါရင် လက်ဝှေ့ Boxing သင်တန်းမျိုးလည်း တက်နိုင်ပါတယ်။
နောက်ဆုံးအချက် ပြောချင်တာက စိတ်ကို အေးအေးချမ်းချမ်း ထားတတ်ဖို့ ဖြစ်ပါတယ်။ အများကြီး မမျှော်လင့်ဘဲ ကိုယ်ကြိုးစားသလောက် ရလာတဲ့ ရလဒ်ပေါ်မှာပဲ စိတ်ကျေနပ်တတ်ဖို့လည်း အလေ့အကျင့်လုပ်ထားပါလို့လည်း အကြံပေးလိုက်ရပါတယ်။
Featured Photo : VOI

