တစ်ခါတစ်လေမှာ စိတ်တွေအရမ်းမွန်းကြပ်ပြီး ဘာမှမလုပ်ချင် မကိုင်ချင် ဖြစ်တာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ စိတ်တွေ မွန်းကြပ်လာရင် လူက လေးလံထိုင်းမှိုင်းပြီး မလှုပ်ချင် မကိုင်ချင်နဲ့ အိပ်ရာထဲမှာပဲ ခွေနေချင် တက်ပါတယ်။ ဒီလိုအခြေအနေကို ကျော်လွှားပြီး အကောင်းဆုံး ပြန်လည်လန်းဆန်းတက်ကြွလာဖို့ နည်းလမ်းကောင်း တချို့ ရှိပါတယ်။ ကွီးတို့ စိတ်တွေမွန်းကြပ်ပြီး လေးလံထိုင်းမှိုင်းနေရင် အခုပြောမယ့် ပေါ့ပေါ့ပါးပါး အရာလေးတွေ လုပ်ကြည့်လိုက်ပါ။

(၁) ရယ်စရာဟာသလေးတွေ ကြည့်လိုက်ပါ

Photo : iStock

ရယ်မောခြင်းက လေးလံထိုင်းမှိုင်းနေတဲ့ စိတ်ကို ကုစားပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရယ်မောလိုက်တဲ့အခါမှာ ခန္ဓာကိုယ်က ပျော်ရွှင်မှု ဟော်မုန်းတွေကို တိုးစေပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတာကြောင့် စိတ်ကို ပြန်လည်လန်းဆန်းတက်ကြွသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်တွေမွန်းကြပ်နေချိန်မှာ ရယ်စရာကောင်းတဲ့ ဟာသ ဗီဒီယို အတိုလေးတွေ ၊ Comedy Movies တွေ ကြည့်ပေး သင့်ပါတယ်။

(၂) လေကောင်းလေသန့်ရှုပါ

Photo : iStock

ဒါက စိတ်ရဲ့ မွန်းကြပ်မှုတွေကို ပြေလျော့စေမယ့် အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်။ စိတ်တွေ ရှုပ်ထွေးပြီး မွန်းကြပ်နေချိန်မှာ လုပ်လက်စအလုပ်တွေကို ခဏရပ်ထားပြီး အပြင်ထွက်ကာ ၁၅ မိနစ်လောက် လေကောင်းလေသန့် ရှုလိုက်ပါ။ အဆုတ်ထဲကို အောက်ဆီဂျင်များများပိုရတဲ့အခါ စိတ်ဖိစီးမှုနဲ့ မွန်းကြပ်မှုတွေလျော့ကျပြီး စိတ်ပြန်လည် လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။

(၃) စကားပြောဖော်ရှာပါ

Photo : iStock

စိတ်တွေမွန်းကြပ်နေချိန်မှာ တစ်ယောက်တည်းနေတာက စိတ်အာရုံတွေကို ပိုမိုပျံ့လွင့်စေပြီး အတွေးတွေကို ထိန်းချုပ်ရ ပိုခက်သွားစေပါတယ်။ အတွေးတွေများလေ စိတ်ရဲ့ မွန်းကြပ်မှုတွေက ပိုတိုးလေပါပဲ။ ဒါကြောင့် အာရုံပြောင်းတဲ့အနေနဲ့ အရင်းအနှီးဆုံး သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေနဲ့ ပေါ့ပေါ့ပါးပါး ရောက်တက်ရာရာ စကားပြောလိုက်ပါ။ စိတ်ပေါ့ပါးလန်းဆန်း သွားပါလိမ့်မယ်။

(၄) တရေးတမော အိပ်စက်အနားယူလိုက်ပါ

Photo : iStock

စိတ်တွေမွန်းကြပ်ပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကို ဖိအားပေးပြီး အလုပ်တွေ အတင်းဆက် လုပ်မနေပါနဲ့။ ခဏလောက်အနားယူလိုက်တာက ပိုပြီးကောင်းပါတယ်။ ဒီလိုအချိန်မှာ မိနစ် ၂၀ လောက် တရေးတမော အိပ်စက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်က အားအင်ပြည့်ဝ လန်းဆန်းစေပြီး စိတ်ပြန်လည် ကြည်လင်လန်းဆန်းလာမှာ ဖြစ်ပါတယ်။ တကယ်လို့ မအိပ်ချင်ဘူးဆိုရင်တောင် သီချင်းအေးအေးလေး နားထောင်ပြီး  ခဏလောက် စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာ အနားယူတာမျိုး လုပ်ပေးနိုင်ပါတယ်။

Featured Photo : Unsplash