Xiaomi ကနေ 5G ချိတ်ဆက်မှု ပါရှိတဲ့ Redmi Note 13 စီးရီး အဖွဲ့ဝင်တွေဖြစ်တဲ့ Redmi Note 13 ၊ Note 13 Pro နဲ့ Note 13Pro+ တို့ကို ကမ္ဘာလုံးအတိုင်းအတာ စတင်ဖြန့်ချီခဲ့ပြီးနောက် စျေးပိုသက်သာ တဲ့ Redmi Note 13 Pro 4G နဲ့ Redmi Note 13 4G တို့ကိုလည်း ကြေညာလိုက်ပါတယ်။
Photo : GSMArena.com
Redmi Note 13 Pro 4G မှာ Helio G99 Chipset မောင်းနှင်ထားပြီး Note 13 4G မှာတော့ Snapdragon 685 Chipset ကို တပ်ဆင်ထားပါတယ်။ Pro မော်ဒယ်မှာ 8/12GB RAM နဲ့ 256/512GB Storage ပါရှိပြီး Note 13 မော်ဒယ်မှာတော့ 6/8GB RAM နဲ့ 128/256GB Storage ပါရှိပါတယ်။
Redmi Note 13 Pro 4G နဲ့ Redmi Note 13 4G ဖုန်းနှစ်ခုလုံးမှာ FHD+ Resolution ပါတဲ့ ၆.၆၇ လက်မ 120Hz AMOLED မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး In-display Fingerprint Scanners ထည့်သွင်းပေးထားပါတယ်။ Pro မော်ဒယ်မှာ Gorilla Glass 5 နဲ့ Note 13 မှာတော့ Gorilla Glass 3 ကာကွယ်မှုပါရှိပြီး မော်ဒယ်နှစ်ခုလုံးမှာ 1,300 Nits Peak Brightness ထောက်ပံ့ပေးထားပါတယ်။
ကင်မရာပိုင်းမှာ Note 13 Pro 5G ကဲ့သို့ 4x In-sensor Zoom Crop ပါတဲ့ 200MP Samsung ISOCELL HP3 Main ကင်မရာကို တပ်ဆင်ပေးထားပြီး Note 13 4G မှာတော့ 3x In-sensor Zoom Crop ပါတဲ့ 108MP Main ကင်မရာ ထည့်သွင်းပေးထားပါတယ်။ Pro မော်ဒယ်ရော Note 13 မော်ဒယ် နှစ်ခုလုံးမှာ 8MP Ultra-Wide ကင်မရာနဲ့ 2MP Macro ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပြီး 16MP ဆယ်လ်ဖီကင်မရာ ပါဝင်ပါတယ်။ အားနည်းချက်အနေနဲ့တော့ ဗီဒီယိုတွေကို 1080p အထိသာအများဆုံး ရိုက်ကူးနိုင်မှာဖြစ်ပြီး 4K ဗီဒီယိုတွေကိုတော့ ရိုက်ကူးနိုင်မှာတော့ မဟုတ်ပါဘူး။
ဘက်ထရီအနေနဲ့ 5,000 mAh ဘက်ထရီတွေကို ထည့်သွင်းပေးထားပြီး Pro မော်ဒယ်မှာ 67W အမြန် အားသွင်းစနစ် ထောက်ပံ့ပေးထားပြီး Note 13 မော်ဒယ်မှာတော့ 33W အားသွင်းစနစ်သာ ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။
Photo : GSMArena.com
မော်ဒယ်နှစ်ခုလုံးကို Android 13 အခြေပြု MIUI 14 အသုံးပြုထားပြီး ရေဒဏ်ဖုန်ဒဏ်ခံ IP54 သတ်မှတ်ချက် ပါရှိပါတယ်။ Redmi Note 13 Pro 4G ကို Midnight Black ၊ Forest Green နဲ့ Lavender Purple အရောင် ၃ မျိုးနဲ့ ထုတ်ထားပြီး ဈေးနှုန်းတွေ အနေနဲ့တော့ 8/256GB ဗားရှင်းကို ဒေါ်လာ ၂၅၀ ၊ ယူရို ၃၀၀ ၊ ပေါင် ၂၇၉ သတ်မှတ်ထားပါတယ်။
Redmi Note 13 4G ကိုတော့ Midnight Black ၊ Ming Green နဲ့ Ice Blue အရောင် ၃ မျိုးထုတ်ထားပြီး 6/128GB ဗားရှင်းကို ဒေါ်လာ ၁၇၉ ၊ ယူရို ၂၀၀ ၊ ပေါင် ၁၉၉ ခန့်ကျသင့်မှာပဲ ဖြစ်ပါတယ်။
Featured Photo : GSMArena.com