ဘယ်လောက်ပဲ နှစ်ရှည်လများကြာအောင် ချစ်ခဲ့ ချစ်ခဲ့၊ ဖူးစာဖက် မမှန်လို့ ကံအကြောင်းတရား မတိုက်ဆိုင်တဲ့အခါ လမ်းခွဲပြတ်စဲကြမှာပါပဲ။ အချစ်စိတ်တွေ မွှန်နေချိန်မှာတော့ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ပဲ ဖြတ်ရ ဖြတ်ရ စွန့်စား ပစ်မယ်ဆိုတဲ့ ရှော်တီ လေးက အချစ်စိတ်တွေ တဖြည်းဖြည်း ကုန်ခမ်းလာတဲ့အခါ ကွီးတို့ကို ထားခဲ့ချင် ထားခဲ့မှာပါပဲ။
ထားခဲ့ခံရချိန်မှာ ကိုယ့်ဘက်ကလည်း အထာကျကျနဲ့ ကျန်နေရစ်ခဲ့ဖို့ လိုအပ်ပါတယ်။ မထားခဲ့ပါနဲ့ဆိုပြီး ဖက်တွယ် တွယ်ကပ်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ စတိုင်လ်ပဲ ပဲ့ကျန်ရစ်ခဲ့မှာပါ။ ထားခဲ့မယ်လို့ ဆုံးဖြတ်ခဲ့တဲ့သူက သူ့ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ပါဘူး။
ဒါဆိုရင် စွန့်စား ပြီး ချစ်မယ်ဆိုတဲ့ ရှော်တီ လေးက ကိုယ့်ကို ရုတ်တရက်ကြီး ထားရစ်ခဲ့တဲ့အခါ ဘယ်လိုလုပ်ရမလဲ။
အချိန်အတိုင်းအတာ တစ်ခုအထိ အသည်းကွဲပါ
နှစ်ယောက်သားလုံး နှစ်နှစ်ကာကာ ချစ်ခဲ့ကြပြီးမှ အခြားတစ်ယောက်က အသစ်တွေ့လို့ပဲဖြစ်ဖြစ်၊ သူ့အတွက် ဒီသမီးရည်းစား ဆက်ဆံရေးက ဘာအဓိပ္ပါယ်မှာ မရှိတော့ဘူးလို့ ခံစားရရင်ပဲဖြစ်ဖြစ်၊ အကြောင်း အမျိုးမျိုးကြောင့် ထားခဲ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့ရတဲ့သူကတော့ ခံစားချက်တွေ တနင့်တပိုးကြီး ခံစားရမှာပါပဲ။ အသည်းခွဲခံရသူလည်း ရုတ်တရက်ကြီး ရှော့ခ်ရသွားမှာဖြစ်သလို ထပ်ချစ်ရမှာကို ကြောက်တဲ့ စိတ်ဒဏ်ရာလည်း ရသွားနိုင်ပါတယ်။
ထိုကဲ့သို့သော အချိန်မှာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အသိအမှတ်ပြုပါ။ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းကြေကွဲလိုက်ပါ။ ငိုချင်ရင် ငိုချလိုက်ပါ။ ဒီလို အသည်းကွဲနေချိန်မှာ အဆင့် (၅) ဆင့်ကို ဖြတ်သန်းရမှာပဲဖြစ်ပါတယ်။ ပထမအဆင့်ကတော့ လက်ရှိအခြေအနေကို ငြင်းဆန်နေခြင်း၊ ဒုတိယအဆင့်မှာတော့ ကိုယ့်လို လိုလေသေးမရှိအောင် ချစ်ပေးခဲ့တဲ့သူကို ထားခဲ့ရကောင်းလားဆိုပြီး ဒေါသထွက်ခြင်း၊ ထို့နောက်မှာတော့ မထားခဲ့ပါနဲ့လို့ ဒူးထောက် တောင်းပန်နေမယ်၊ ထို့နောက် စိတ်ဓာတ်ကျမယ်၊ နောက်ဆုံးကျမှ လက်ရှိ အခြေအနေကို လက်ခံမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အသည်းကွဲမယ်ဆိုရင်လည်း အချိန်အတိုင်းအတာတစ်ခုအထိ အသည်းကွဲနိုင်ပါတယ်။
တစ်ခါတစ်လေမှာ သတိရလာတတ်တာမျိုးလည်း ရှိပါတယ်
သူနဲ့အတူတူ သွားဖူးတဲ့ နေရာလေးတွေ၊ အတူတူ စားခဲ့ဖူးတဲ့ အစားအစာလေးတွေ၊ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကို မြင်ရတဲ့အခါ သူ့ကို ရုတ်တရက် သတိရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ရုတ်တရက် သတိရလာတာနဲ့ ခေါင်းထဲက ချက်ချင်း ထုတ်ပစ်လိုက်ပါ။ ရုတ်တရက် ပေါ်လာတဲ့ သတိရစိတ်တွေကို အခြားအရာတွေနဲ့ ခေါင်းထဲကနေ နှင်ထုတ်ပစ်ရမှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ အာရုံကို အခြားတစ်ဖက်သို့ ပြောင်းပါ
ကိုယ့်ရဲ့ တနေ့တာ လုပ်ငန်းဆောင်တာများ၊ ကိုယ့်ရဲ့ ဘော်ဒါတွေနဲ့ အပြင်ထွက်လည်မယ်၊ စားသောက် ပျော်ပါးကာ အာရုံလွှဲပစ်လိုက်ပါ။ အိမ်မှာ ထိုင်ပြီးပဲ အသည်းကွဲနေမယ့်အစား ကိုယ့်ကိုယ့်ကိုယ် ပျော်ရွှင်လာအောင် စိတ်သစ် လူသစ်နဲ့ ဘဝသစ်မှာ သူ(မ) မရှိလည်း ပျော်နေကြောင်းကို ပြသဖို့ လိုအပ်ပါတယ်။
စွန့်စား မယ်ဆိုပြီး ထားခဲ့တဲ့ ရှော်တီ လေးကို အဆက်အသွယ်မလုပ်ပါနဲ့တော့
သူငယ်ချင်းတွေ ဘော်ဒါတွေနဲ့ ဆုံတွေ့ပြီးနောက် ပျော်ပျော်ပါးပါး သောက်စားပြီးရင် ဇာတ်လမ်း မစလာဖို့ လိုအပ်ပါတယ်။ မူးလာပြီး ရုတ်တရက် သူ(မ)ကို သတိရလာလို့ ဖုန်းဆက်ခေါ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ လုံးဝ မလုပ်မိဖို့အတွက် သူ(မ)ရဲ့ ဖုန်းနံပါတ်တွေကို ဖုန်းထဲကနေ အပြီးတိုင် ဖျက်ပစ်လိုက်ပါ။ ဆိုရှယ်မီဒီယာပေါ်ကနေလည်း သူ(မ)ကို အဆက်အသွယ် မလုပ်မိပါစေနဲ့။ ကိုယ့်ဘာသာကိုယ် အထာကျကျ နေပြီး သူ(မ) မရှိလည်း အေးဆေးပဲ။ ဘဝကြီးက ပိုတောင် ပျော်စရာကောင်းသေးတယ်ဆိုတာကို ဖော်ပြလိုက်ပါ။
ရည်းစားဟောင်းက ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတာကို လက်ခံလိုက်ပါ
ကိုယ့်ကို မလိုအပ်တော့လို့ ထားခဲ့ပြီပဲ။ ဘာ့ကြောင့် သူ(မ)ကို တွယ်ကပ်နေမှာလဲ။ သူက ကိုယ့်ကို မလိုအပ်တော့ဘူးဆိုရင် ကိုယ်ကလည်း သူ့ကို မလိုအပ်တော့ဘူးဆိုတာကို ပြသလိုက်ပါ။ ရည်းစားဖြစ်နေစဥ်တစ်လျှောက်လုံးမှာ ကိုယ့်ဘက်က သူ(မ)အတွက် အကောင်းဆုံးဆိုတာတွေကို ဖြည့်ဆည်းပေးခဲ့တယ်ဆိုရင် ဘာမှ နောင်တရစရာမရှိပါဘူး။ ကိုယ့်အတွက် ဘာမှ ဆုံးရှုံး နစ်နာတာတွေ မရှိဘူးဆိုတာ သတိရလိုက်ပါ။
ပျော်ရွှင်မှုအသစ် ရှာဖွေပါ
ပျော်ရွှင်မှု ဆိုတဲ့အရာကို ကွီးတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ပါသလဲ။ ဒီနေရာမှာ ရည်းစားနဲ့ ပြတ်သွားလို့ နောက်တစ်ယောက်နဲ့ အစားထိုးပြီး ပျော်ရွှင်မှု ရှာဖွေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ် တကယ်မချစ်ရင် တစ်ဖက်လူအတွက်လည်း စိတ်ဒဏ်ရာတွေ အလကားသပ်သပ် သွားပေးနေတာပဲ အဖတ်တင်ပါလိမ့်မယ်။
အရင်ဆုံး ကွီးတို့ ဘယ်အရာတွေ၊ ဘယ် Activities တွေ လုပ်နေရရင် ပျော်သလဲ ဆိုတာကို စဥ်းစားကြည့်လိုက်ပါ။ ခရီးထွက်ရတာ ပျော်တယ်ဆိုရင် တစ်ယောက်တည်းဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ စုပြီး ခရီးထွက်တာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
လေ့ကျင့်ခန်း ပြုလုပ်ပြီး ခန္ဓာကိုယ်မှာ အဆီပိုတွေ မရှိအောင်၊ Six-Pack နဲ့ ကြွက်သားတွေ အမြောင်းလိုက် ထလာအောင် ကြိုးစားပါ။ ဒါဆိုရင် ကိုယ့်အတွက် အာရုံစိုက်ရမယ့်အရာတစ်ခု ရလာပြီး အသည်းကွဲ ဝေဒနာကို မေ့ပျောက်သွားပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်က အဆီပိုတွေ ကင်းဝေးပြီး ဟောလိဝုဒ်မင်းသားတွေလို ဆက်စီကျတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်လာတဲ့အခါ ထားခဲ့တဲ့သူလည်း နောင်တ အကြီးအကျယ် ရသွားပါလိမ့်မယ်။
နောက်ဆုံး ပြောချင်တာကတော့ အသည်းကွဲနေသူအဖို့ အချိန်က အကောင်းဆုံး သူငယ်ချင်းပါပဲ။ ဒဏ်ရာတွေ သက်သာလာဖို့ အချိန်ယူပါ။ ထားခဲ့တဲ့သူက ပြန်လာချင်တယ်ဆိုလည်း လက်မခံပါနဲ့။ တကယ်ချစ်တဲ့သူက အစကတည်းက ထားခဲ့မှာတောင်မဟုတ်ပါဘူး။
ကွီးတို့ရော ထားခဲ့ခံရပြီးမှ ပြန်လာမယ်ဆို လက်ခံမလို့လား။
Source: Glamour
Featured Image: Freepik