ခရီးသွားဝါသနာပါသူများက ပုံစံအမျိုးမျိုးနဲ့ ခရီးသွားကြပါတယ်။ တချို့ကလည်း အပန်းဖြေဖို့သက်သက်၊ တချို့ကလည်း ပျော်ရွှင်စရာ အချိန်ကောင်းလေးတွေ ဖန်တီးဖို့၊ အချို့ကလည်း စိတ်လှုပ်ရှားဖွယ် စွန့်စွန့်စားစားခရီးသွားဖို့ စသည်ဖြင့် ရည်ရွယ်ချက်တွေ မတူကြပါဘူး။ ရည်ရွယ်ချက်အလိုက် ကိုယ်သွားရောက်မယ့် နေရာဒေသကလည်း ကွဲပြားသွားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စွန့်စားရတာ ကြိုက်တယ် ဆိုတဲ့ ကွီးတို့အတွက် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
သြစတြေးလျ
Photo : Traveler
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တာကတော့ ကြီးကျယ်ခမ်းနားသော ကမ်းရိုးတန်း မိုင် ၃၀,၀၀၀ ကျော်ရှိတဲ့ Down Under မှာ စွန့်စားခန်းတွေ ပြုလုပ်နိုင်တဲ့ သြစတြေးလျ နိုင်ငံပဲ ဖြစ်ပါတယ်။ သြစတြေးလျ မှာ လုပ်နိုင်တဲ့ စွန့်စားခန်းတွေကတော့ Lady Elliot ကျွန်းမှ Scuba ရေငုပ်ခြင်း၊ Tasmania’s Bay of Fires မှတဆင့် တောင်တက်ခြင်း တို့အပြင် Kimberley ရှိ ရေတံခွန်အောက်တွင် ရေကူးနိုင်ပါတယ် (မိကျောင်းတွေကိုတော့ သတိထားရပါမယ်)။ စွန့်စွန့်စားစားနဲ့ စိတ်လှုပ်ရှားမှု ပေးနိုင်မှာကတော့ အသေအချာပါပဲ။
အာဂျင်တီးနား
Photo : Traveler
နှင်းတွေဖုံးနေတဲ့ တောင်တွေ၊ စိမ်းပြာရောင်အိုင်များ၊ သစ်ပင်မဲ့လွင်ပြင်များ၊ ကျယ်ပြန့်သော ရေခဲပြင်များနဲ့ အဆုံးမရှိတဲ့ ရှုခင်းများကို ခံစားရင်းစွန့်စားရှာဖွေချင်တယ်ဆိုရင် အာဂျင်တီးနားနိုင်ငံကို ကွီးတို့ စာရင်းထဲ ထည့်လိုက်ပါ။ ကွီးတို့အနေနဲ့ Patagonia မှာ ငါးဖမ်းခြင်း၊ Estancias တွင် မြင်းစီးခြင်းတို့အပြင် Francis Mallmann ၏ ကိုယ်ပိုင်ကျွန်းပေါ်တွင် နှင်းလျှောစီးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ပေါ်တူဂီ
Photo : Traveler
ပေါ်တူဂီကလည်း ယနေ့ခေတ် စူးစမ်းလေ့လာသူများအတွက် ဦးတည်ရာနေရာတစ်ခုပါ။ ပေါ်တူဂီကမ်းရိုးတန်းမှ မိုင် ၈၅၀ ခန့်အကွာရှိ ကျွန်းစုကိုးကျွန်းက ကမ္ဘာ့အကောင်းဆုံး ဝေလငါးကြည့်ရှုနိုင်တဲ့ နေရာဖြစ်ပါတယ်။ ပေါ်တူဂီမှာ ကွီးတို့အနေနဲ့ Sabor နှင့် Tua မြစ်များမှာ လှေလှော်ခြင်း၊ Guincho ကမ်းခြေမှာ လှိုင်းစီးခြင်း၊ ကမ္ဘာပေါ်ရှိ စပျစ်ဝိုင်များ ပေါများသော ဒေသများထဲမှ တစ်ခုဖြစ်သော Alentejo ကိုဖြတ်၍ မြင်းစီးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
စပိန်
Photo : Traveler
စပိန်နိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ စွန့်စားလေ့လာချင်သူများအတွက် ဖန်တီးထားပုံရပါတယ်။ မီးတောင်များ၊ သဲသောင်များ၊ စိမ့်များ သို့မဟုတ် တောင်တန်းများမှာ စွန့်စားမှုများပြုလုပ်ချင်တယ်ဆိုရင် စပိန်ကို ရွေးချယ်ဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ကွီးတို့အနေနဲ့ Camino de Santiago မှာ တောင်တတ်ခြင်း၊ Andalucía ကိုဖြတ်ပြီး စက်ဘီးစီးခြင်း၊ ထိပ်တန်းနေရာများထဲမှ တစ်ခုဖြစ်သော Canary ကျွန်းများပေါ်တွင် စခန်းချခြင်းနှင့် ကြယ်ပွင့်များကြည့်ရှုခြင်းစတာတွေကို ပြုလုပ်နိုင်ပါတယ်။
အီတလီ
Photo : Traveler
အီတလီက ရင်သက်ရှုမောဖွယ် သဘာဝအလှများစွာ ပိုင်ဆိုင်ထားပြီး ကြမ်းတမ်းသောတောင်ထွတ်များနှင့် စိမ်းစိုသောတောင်ကုန်းများမှ ကမ်းခြေများအထိ ကွီးတို့ကို ဆွဲဆောင်နေမှာပါ။ အီတလီမှ Pellegrino Pass ကတော့ ကျောက်တောင်တက်ခြင်း၊ နှင်းလျှောစီးခြင်းအတွက် အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လှေလှော်ခြင်း၊ နှင်းလျှောစီးခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။
ကွီးတို့က စိတ်လှုပ်ရှားမှုနဲ့ အလယ်အလတ် စွန့်စားရတာ ကြိုက်တယ်ဆိုရင် ဒီနိုင်ငံတွေက စိတ်ကျေနပ်မှုပေးနိုင်မှာ အသေအချာပါပဲ။
Source : Traveler
Featured Photo : Adventure