Energy Bar ဆိုတာကတော့ အားကစားသမားတွေ ၊ Gym ကစားသူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖြည့်စွက်အစားအစာတစ်ခု ဖြစ်ပါတယ်။ Energy Bar တွေက လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း လောင်ကျွမ်းသွားတဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေကို အကောင်းဆုံး ပြန်လည်ဖြည့်တင်း ပေးပါတယ်။ အားကစားလုပ်ချိန်မှာလည်း စွမ်းအင်ပိုမိုပြည့်ဝစေပြီး ခွန်အားအပြည့်နဲ့ အင်တိုက်အားတိုက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ထောက်ပံ့ပေးပါတယ်။
ဒါပေမယ့် အသင့်စားလို့ရတဲ့ Ready-Made Energy Bar တွေက ဈေးနှုန်းအားဖြင့်တော့ အနည်းငယ်ကြီးတယ်လို့ ပြောလို့ရပါတယ်။ ပါဝင်တဲ့ ကုန်ကြမ်း ပစ္စည်းတွေကအစ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အသီးအနှံ့တွေ ၊ အစေ့အဆံတွေကို အသုံးပြုထားတဲ့အတွက် ဈေးကြီးပေးပြီးဝယ်ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ အားကစားသမားကွီးတို့အတွက် အရသာရှိပြီး အာဟာရလည်း ပြည့်ဝတဲ့ သန့်ရှင်းလတ်ဆတ် စွမ်းအင်တက်မယ့် Homemade Energy Bar အိမ်မှာကိုယ်တိုင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။
Photo : The Manual
အခုပြောပြပေးမှာကတော့ လူကြိုက်များပြီး အရသာလည်း အရမ်းကောင်းတဲ့ Classic Granola Bar လို့ခေါ်တဲ့ Energy Bar ပြုလုပ်နည်းလေး ဖြစ်ပါတယ်။ Granola Bar ကိုတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Oats ၊ သစ်သီးခြောက် ၊ ချောကလက် ၊ အစေ့အဆံတွေနဲ့ အဓိကပြုလုပ်ပါတယ်။ Granola Bar မှာ ကာဗိုဟိုက်ဒရိတ် အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပမဏကို အချိန်အတော်ကြာ ထောက်ပံ့ပေးထား နိုင်ပါတယ်။ အရသာကတော့ ချိုချိုဆိမ့်ဆိမ့်လေးဖြစ်လို့ အသက်အရွယ်မရွေး စားလို့အဆင်ပြေတဲ့ အရသာမျိုးပါ။ ကဲဒါဆိုရင်တော့ Classic Granola Bar မှာပါဝင်တဲ့ Ingredients တွေနဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်ကြည့်လိုက်ရအောင်ပါ။
ပါဝင်ပစ္စည်းများ

Photo : Maddy’s Avenue
- Rolled Oats – ၂၀၀ ဂရမ်
- အခွံမာသီး (ဗာဒံစေ့/ဟေဇယ်သီး) – ခွက်တဝက်ခန့်
- ဘယ်ရီသီးခြောက် – ခွက်တဝက်ခန့်
- ပျားရည် – စားပွဲတင်ဇွန်း ၅ ဇွန်း
- ထောပတ် – စားပွဲတင်ဇွန်း ၂ ဇွန်း
- သကြားအညို – စားပွဲတင်ဇွန်း ၂ ဇွန်း
- ချောကလက် Chip – စားပွဲတင်ဇွန်း ၂ ဇွန်း
- Vanilla – စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆား – အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်

Photo : Inspired Taste
အရင်ဆုံး ဒယ်အိုးကို မီးအပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်လောက်နဲ့ အပူပေးပါ။ ဒယ်အိုးပူလာပြီဆိုရင် Rolled Oats နဲ့ အခွံမာသီးတွေကို ၁၀ မိနစ်ခန့် လှော်ပေးရပါမယ်။ လှော်ထားတဲ့ Rolled Oats နဲ့ အခွံမာသီးတွေကို ပန်းကန်တစ်ခုထဲမှာ သက်သက်ဖယ်ထားလိုက်ပါ။ ပြီးတဲ့အခါ ဒယ်အိုးထဲမှာ ထောပတ်၊ ပျားရည် ၊ vanilla နဲ့ သကြားတို့ကို အချိုးကျရောထည့်ပြီး အရည်ပျော်သွားတဲ့အထိ ဆက်တိုက် မွှေပေးပါ။ ပြီးရင်တော့ ရလာတဲ့ အရည်ကို ဇလုံတစ်ခုထဲပြောင်းထည့်ပြီး လှော်ထားတဲ့ Rolled Oats နဲ့ အခွံမာသီးတွေပါ ရောထည့်ကာ သမအောင်ထပ်မွှေပေးရပါမယ်။
ပါဝင်ပစ္စည်းတွေ အားလုံးကို ရောမွှေပြီးရင် မိနစ် (၂၀) လောက် အအေးခံထားလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ချောကလက် အခဲလေးတွေပါ ရောထည့်ပြီး ချောကလက်တွေ ကောင်းကောင်းရောနှောသွားတဲ့အထိ မွှေပေးရပါမယ်။ ရလာတဲ့ အရောအနှောကို စတီးလင်ဗန်းပေါ်မှာ ဖြန့်ထည့်ကာ အနေတော်အချောင်းလေးတွေ လှီးဖြတ်ပြီး ရေခဲသေတ္တာထဲမှာ နာရီပေါင်းများစွာ အအေးခံထားလိုက်ပါ။ ဒါဆိုရင်တော့ တကယ့်ကိုပဲ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ Homemade Granola Energy Barလေး အသင့်စားလို့ရပြီ ဖြစ်ပါတယ်။
Featured Photo : Inspired Taste

