လူပျိုဖော် အပျိုဖော်ဝင်စ ဆယ်ကျော်သက် အရွယ်ဟာ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး စူးစမ်းလိုစိတ်အများဆုံး အသက်အရွယ် အပိုင်းအခြားတစ်ခုပါပဲ။ ဒီအရွယ်ကနေစတင်ပြီး ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှု သဘောတရားတွေ ၊ ဖိုမရေးရာ သဘာဝတွေကို စိတ်ဝင်တစား ရှိလာကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ စူးစမ်းလိုစိတ်ရဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်း သိထားသင့်တာပါ။ လိင်မှုကျန်းမာရေးအကြောင်း ကောင်းစွာ သဘောပေါက်နားလည်မထားဘူးဆိုရင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရတာ ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရတာ ၊ စောစီးစွာ အိမ်ထောင်ကျတာ စတဲ့ အခြေအနေပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး ဆယ်ကျော်သက်တို့ လမ်းမှားမရောက်စေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) လိင်မှုကျန်းမာရေး အသိရှိထားရမယ်

educate about sexuality

Photo : The iNews Network

လိင်မှုကျန်းမာရေး အသိဟာ ရှက်စရာ မဟုတ်ပါဘူး။ သိသင့်သိထိုက်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို သိရှိလေ့လာထားခြင်းဖြင့် မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တက်ရောဂါတွေ (STDs) ကို အထိုက်အလျှောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) သန္ဓေတားနည်းအမျိုးမျိုးကို သိထားရမယ်

contraceptives

Photo : Forbes

ထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုခုကို လိုက်နာကျင့်သုံးခြင်းဟာ ဆယ်ကျော်သက် တို့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ သန္ဓေတားနည်းတွေထဲမှာတော့ ကွန်ဒုံး ၊ ဟော်မုန်းနဲ့ သောက်သုံးရတဲ့ သန္ဓေတားဆေးဝါးတွေ အမျိုးမျိုးရှိကြပါတယ်။ သန္ဓေတားနည်း တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သိထားသင့်သလို စနစ်တကျ အသုံးပြုနည်းဆိုင်ရာ နည်းလမ်းတွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။

(၃) ပါးစပ်ဖြင့် ဆက်ဆံတဲ့အခါ အကာအကွယ် အသုံးပြုရမယ်

Photo : Men’s Journal

ပါးစပ်ဖြင့် အကာကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့ဆိုရင် ကွန်ဒုံး သို့မဟုတ် Dental Dam တို့လို ပါးစပ်အကာတစ်ခုခုကို သေချာပေါက် သုံးဖို့ လိုအပ်ပါတယ်။

(၄) STIs ရောဂါလက္ခဏာ ရှိမရှိစစ်ဆေးရမယ်

STIs

Photo : LifeWorks Wellness Center

အကယ်၍ ဆက်ဆံဖော်ပါတနာရဲ့ လိင်အင်္ဂါ သို့မဟုတ် ပါးစပ်မှာ အဖုအပိန့် ၊ အနာတွေကဲ့သို့ STIs ရောဂါလက္ခဏာတွေ တွေ့ရှိရပါက ထိုသူနဲ့ လုံးဝ ချစ်တင်းနှော ခြင်းမပြုမိဖို့ တားမြစ်ချင်ပါတယ်။ ရောဂါပိုးမွှားတွေဟာ သင့်ထံကို အချိန်မရွေး ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

(၅) ဆက်ဆံဖော်ပါတနာ များခြင်းကို ရှောင်ကြဉ်ရမယ်

couple

Photo : Dave and Ashley Willis

လိင်ဆက်ဆံဖော် ပါတနာများခြင်းဟာ STIs ကူးစက်ခံရမှုကို မြင့်တက်စေတဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ လက်တည့်စမ်းလိုစောနဲ့ ဆက်ဆံဖော်ပါတနာ အများကြီး ပြောင်းလဲဆက်ဆံခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။

Featured Photo: Healthline