အိုလီဂန်နာ ဆိုးလ်ရှား သာ ဘိုင်ယန်မြူးနစ် နည်းပြအဖြစ် ခန့်အပ်ခံရမယ်ဆိုပါက အသင်းအတွက် ကစားသမားအသစ် ခေါ်ယူအားဖြည့်ရာမှာ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်တွေကို ဦးစားပေး ခေါ်ယူနိုင်ဖွယ် ရှိတယ်လို့ SunSport သတင်းမှာ ဖော်ပြထားပါတယ်။
Photo : talkSPORT
ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံး ၃ ပွဲဆက်အရှုံးနဲ့ ဘွန်ဒက်လီဂါထိပ်မှာ ပြိုင်ဘက် လေဗာကူဆင်အသင်းရဲ့ ၈ မှတ် ကျော်ဖြတ်ခံထားရပြီးနောက် လက်ရှိနည်းပြ သောမတ်စ် တူချယ်ရဲ့ နေရာဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာနေတာပါ။
ဂျာမန်ဘီလူးကြီးတွေကတော့ တူချယ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် နော်ဝေနည်းပြ ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် အစားထိုး ခန့်အပ်သွားနိုင်ခြေ ရှိနေပါတယ်။ တကယ်လို့ ဆိုးလ်ရှားသာ ဘိုင်ယန်နည်းပြ ဖြစ်လာမယ်ဆိုရင် အသင်းရဲ့ပြန်လည်တည်ဆောက်ရေးမှာ ထိပ်တန်းကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူအသုံးပြုသွားနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ နော်ဝေသားဟာ အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က အရည်အချင်းရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနိုင်ဖွယ် ရှိနေပါတယ်။ ဒီထဲမှာတော့ ယူနိုက်တက်နဲ့ ၁၂ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီက အိုးထရက်ဖို့ဒ်ကနေထွက်ခွာခဲ့တဲ့ လက်ရှိ အလွတ်အေးဂျင့်ကစားသမားဖြစ်နေတဲ့ ဂိုးသမားဒေးဗစ် ဒီဂီယာက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။
လက်ရှိ အသက် ၃၇ နှစ်အရွယ် ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လအောက်ကို ရောက်ရှိနေပြီဖြစ်ပြီး အနားယူဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂီယာဟာ ဆိုးလ်ရှား ခေါ်ယူမယ့် အဓိကပစ်မှတ်ကစားသမား ဖြစ်နိုင်ဖွယ် ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးလိဂ်ပွဲ ၂ ပွဲလုံးမှာ ၃ ဂိုးစီသွင်း ယူခံထားရတဲ့အတွက် နောက်တန်း လိုအပ်ချက်ကို ဖြည့်တင်းဖို့လည်း လိုအပ်နေပြီး ဆိုးလ်ရှားကတော့ ယူနိုက်တက် နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ဝမ်ဘစ်ဆာကာနဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကို ခေါ်ယူဖို့ကြိုးပမ်းနိုင်ဖွယ် ရှိပါတယ်။
Photo : The Sun
ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ဟယ်ရီကိန်းနဲ့ အဲရစ်ဒိုင်ယာတို့ကို့ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး ပရီးမီးယားလိဂ် စျေးကွက်အခြေအနေကို တီးခေါက်ကြည့်ခဲ့ ပါသေးတယ်။ ဒါ့အပြင် ဒီရာသီ ဒေါ့မွန်အသင်းမှာ အငှားနဲ့သွားရောက် ခြေစွမ်းပြကစားနေတဲ့ ယူနိုက်တက် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကိုလည်း ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆိုးလ်ရှား ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ရခဲ့ဖူးတဲ့ ဘိုင်ယန်မြူးနစ်ကို နည်းပြအဖြစ်နဲ့ ပြန်လည် ကိုယ်တွယ်သွားမသွားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Featured Photo : The Sun