ဖီဖာ ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီနီဂေါ နဲ့ အီဂျစ် အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်နေတယ်လို့ သိရပါတယ်။


Photo : The Independent

အဆိုပါ ပွဲစဉ်ရဲ့ အရေးကြီးတဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အီဂျစ်သား မိုဟာမက် ဆာလာနဲ့ ၎င်းရဲ့ အသင်းဖော် အီဂျစ်ကစားသမားတွေဟာ ပြိုင်ဘက်အိမ်ရှင်အသင်း ပရိသတ်တွေရဲ့ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆီနီဂေါအသင်းဟာ ပင်နယ်တီမှာ ၃ – ၁ ဂိုး ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို ဝင်ရောက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အီဂျစ်အသင်းကတော့ ဒါကာမှာ ၎င်းတို့ရဲ့ အသင်းဖော်တွေ ပြုမူဆက်ဆံခံခဲ့ရတာနဲ့ ပတ်သက်ပြီး စွဲချက်တင် တိုင်ကြားမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အီဂျစ်အသင်းဟာ ၎င်းတို့ရဲ့ ကစားသမားတွေထဲမှာ အထူးသဖြင့် ဆာလာအား လူမျိုးရေးခွဲခြားတိုက်ခိုက် ခံခဲ့ရတာတွေ ၊ ကစားသမားတွေ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေချိန်အတွင်း အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ခံခဲ့ရတာတွေ ၊ ၎င်းတို့ရဲ့ အသင်းသားတွေ လိုက်ပါစီးနင်းလာတဲ့ဘတ်စ်ကားကို တိုက်ခိုက်တာခံခဲ့ရတာတွေနဲ့ ပတ်သတ်ပြီး စွဲချက်တင် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီ ကန်သွင်းမှုအတွင်းမှာ အီဂျစ်ကစားသမားတွေနဲ့ ဂိုးသမားတွေဟာ အစိမ်းရောင် လေဆာမီးတွေနဲ့ အထိုးခံခဲ့ရတာပါ။ အီဂျစ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ” ကျွန်တော်တို့ အီဂျစ်လက်ရွေးစင်အသင်းရဲ့ ကစားသမားတွေကို လူမျိုးရေး ခွဲခြား စော်ကားတာတွေ ကြုံတွေ့ခဲ့ ရပါတယ် ၊ အထူးသဖြင့် မိုဟာမက် ဆာလာကို အများဆုံး ရည်ရွယ် တိုက်ခိုက်ခဲ့ကြတာပါ ” လို့ ပြောကြားခဲ့ပါတယ်။


Photo : Daily Mail

ဖီဖာကတော့ နောက်ထပ် အဆင့်တွေ မဆုံးဖြတ်မီ တိုင်ကြားချက်တွေကို စီစစ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုထားခဲ့ပါတယ်။ ” ဖီဖာအနေနဲ့ လက်ရှိ ဆီနီဂေါနဲ့ အီဂျစ်တို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်နဲ့ ပတ်သတ်ပြီး တိုင်ကြားချက်တွေကို စီစစ်မှုများ လုပ်ဆောင်နေတယ်လို့ ” ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

နောက်ထပ်အဆင့်တွေ မဆုံးဖြတ်ခင်မှာ ပြိုင်ပွဲအတွင်းက တိုင်ကြားချက်တွေအားလုံးကို အရည်အချင်းပြည့်မီတဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကနေ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။

Featured Photo : Daily Mail