ဆီးကျိတ် ကို သဘာဝအတိုင်း ကျန်းမာရေးစေဖို့ ထိန်းထားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ ကျန်းမာပြီး အာဟာရမျှတတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပေးတာပါ။ ဆီးကျိတ်ဟာ နှလုံးနည်းတူ သွေးကြောများစွာပါဝင် ဖွဲ့စည်းထားတဲ့ သွေးကြောဂလင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ကာကွယ်ပေးတဲ့ အစားအစာတွေကို စားပေးမယ်ဆိုရင် ဆီးကျိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးကျိတ်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစားအသောက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ဟင်းသီးဟင်းရွက်များ

Healthy Fats

Photo : Healthy For Life Meals

ထိုင်ဝမ်မုန့်ညှင်း ၊ ဘရိုကိုလီ ၊ ဘရပ်ဆဲလ်ပင်ပေါက် ၊ ပန်းဂေါ်ဖီ ၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန်တို့လို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒီဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ Phytochemicals ဓာတ်တွေလည်း ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာ အပါအဝင် ဆီးကျိတ်နဲ့ဆိုင်တဲ့ ရောဂါပြဿနာတွေကို ကာကွယ်တားဆီး ပေးနိုင်ပါတယ်။

(၂) ကျန်းမာတဲ့ အဆီဓာတ်

Healthy fats

Photo : Harvard Health

ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ အဆီဓာတ်ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ သံလွင်ဆီ ၊ ဟင်းရွက်ဆီ နဲ့ ဆော်လမွန်ငါးတွေမှာ ပါဝင်တဲ့ Omega-3 Fatty Acids ဓာတ်ဟာ နှလုံးကိုကျန်းမာစေတဲ့ အပြင် ဆီးကျိတ် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ များစွာပေးပါတယ်။ နို့ထွက်ပစ္စည်း ၊ အနီရောင်အသား ၊ ထောပတ်တို့လို အစားအစာတွေက ရနိုင်တဲ့ ပြည့်ဝအဆီတွေကို လျှော့ချပြီး ကျန်းမာတဲ့ အဆီဓာတ်ကို ပိုစားပေးတာဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(၃) အခွံမာသီး

Nuts

Photo : NPR

အခွံမာသီးတွေမှာလည်း Omega-3 Fatty Acids ဓာတ်တွေ ပေါပေါများများ ပါဝင်ပါတယ်။ Antioxidant ကြွယ်ဝတဲ့အခွံမာသီးတွေကို စားသုံးပေးတာဟာ နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး အချို့သောလေ့လာမှုမှာတော့ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိတွေ ပါရှိတဲ့အတွက် ဆီးကျိတ် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သစ်ကြားသီး ၊ ဗာဒံစေ့တို့လို အခွံမာသီးတွေမှာ နှလုံးကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဗီတာမင် E လိုမျိုး အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

(၄) အသီးအနှံများ

Fruits

Photo : Moorings Park

အသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင် C မြင့်မားတဲ့ အသီးအနှံတွေကို များများစားသုံးပေးတာဟာ ဆီးကျိတ်ကြီးခြင်း ရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၅) ခရမ်းချဉ်သီး

Tomatoes
Photo : Access Garden Products

ခရမ်းချဉ်သီးမှာ ဆဲလ်တွေပျက်စီးမှုနဲ့ ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Lycopene ပါဝင်ပါတယ်။ Lycopene ကို ခရမ်းချဉ်သီးရဲ့ အပေါ်ယံ အခွံပါးလွှာပေါ်မှာ ပိုတွေ့ရတာကြောင့် သန့်စင်ပြီး လတ်လတ်ဆတ်ဆတ် အစိမ်းတိုင်းစားတာ ဒါမှမဟုတ် ကြိတ်ချေပြီး ဖျော်ရည်အနေနဲ့ သောက်ပေးတာဟာ ခန္ဓာကိုယ်ကနေ Lycopene ဓာတ်ကို စုပ်ယူဖို့ ပိုမိုလွယ်ကူစေပါတယ်။

Source : Orlando Health

Featured Photo : Friends Adult Diapers