ဒီနေ့ခေတ်မှာ အမျိုးသမီးတွေပဲ အသားအရေ ထိန်းသိမ်းကြတာမဟုတ်ပါဘူး။ အမျိုးသားအချို့လည်း အသားအရေ ထိန်းသိမ်းရကောင်းမှန်း သိလာကြပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ဆော်ငြင်း မခံချင်လို့ ကိုယ့် အသားအရေ ကို ဂရုစိုက်လာကြတာပဲဖြစ်ပါတယ်။

ကွီးတို့လည်း ဆော်ငြင်း မခံချင်ရင် ကိုယ့် အသားအရေ ကို သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ နို့မဟုတ်ရင် မျက်နှာပေါ်မှာ ဝက်ခြံတွေ ဗရပွ၊ ဝက်ခြံကို ကုတ်ဖဲ့လို့ ကျန်ရစ်ခဲ့တဲ့ အခေါင်းပေါက်တွေ အမာရွတ်တွေကြောင့် ရှော်တီလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးကုန်ပါလိမ့်မယ်။

အပိုတွေပါကွာ။ တကယ်ချစ်တဲ့သူက မျက်နှာပေါ်မှာ ဝက်ခြံမကလို့ ကြက်ခြံပဲရှိရှိ ချစ်မှာက ချစ်မှာပဲလို့ တွေးကြမိပါလိမ့်မယ်။

ဟုတ်ပါတယ်။ တကယ်ချစ်တဲ့သူကတော့ ကွီးတို့ မျက်နှာပေါ်မှာ ဘာကြီးပဲ ရှိရှိ ချစ်မှာပါ။ ဒါပေမဲ့ ချစ်တယ်ဆိုတဲ့ အဆင့် မရောက်ခင်မှာ ဒိတ်ကြရဦးမှာမဟုတ်လား။ ပထမဦးဆုံး ချိန်းတွေ့တဲ့အခါ ကိုယ့်ရဲ့ ခရက်ရှ်အတွက် ကိုယ်သည် ဘယ်လို Impression မျိုး၊ ဘယ်လို Image မျိုး ရသွားစေချင်သလဲဆိုတာ မေးစရာရှိလာပါပြီ။

ကွီးတို့ ပထမဦးဆုံး ချိန်းတွေ့တဲ့အခါ ကိုယ့်ရဲ့ ချောမော လှပတဲ့ မျက်နှာကို မြင်တွေ့စေချင်ပါသလား။ ဒါမှမဟုတ် ဝက်ခြံတွေ ပြွတ်သိပ်နေပြီး အမာရွတ်တွေ အမဲစက်တွေ ပြည့်နှက်နေတဲ့ မျက်နှာမျိုးကို မြင်တွေ့စေချင်ပါသလား။ ကိုယ့်ရဲ့ ချောမောလှပတဲ့ မျက်နှာကိုပဲ မြင်တွေ့စေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို သိထားသင့်ပါတယ်။

ကွီးတို့ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သစ်ပါ

ဆော်ငြင်း အသားအရေ

ကွီးတို့ မျက်နှာ အသားအရေသည် ထိခိုက် ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် တွေ့ကရာ ဆပ်ပြာတုံးများ၊ ဆပ်ပြာခဲများနှင့် မျက်နှာမသစ်ရပါဘူး။ မျက်နှာဆိုရင် မျက်နှာသစ်ဆေးတွေ အများကြီးရှိပါတယ်။ ကွီးတို့ မျက်နှာအသားအရေက အဆီပြန်တဲ့ အသားအရေလား၊ ဝက်ခြံ ပေါက်တဲ့ အသားအရေလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပြီး ကိုယ့် မျက်နှာ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်းမှာလည်း မျက်နှာသစ်ပေးဖို့ မမေ့ပါနဲ့။

နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ ရိတ်တဲ့အခါ သတိထားပါ

ဆော်ငြင်း အသားအရေ

အမျိုးသား အများစုကတော့ Multi-Blade Razor တွေကို အသုံးပြုတာ များပါတယ်။ ဒါပေမဲ့ ကွီးတို့ အသားအရေသည် ဘလိတ်ဓားရာကြောင့် ရှရာ၊ ပြတ်ရာနှင့် Ingrown Hairs တွေ ပေါက်တတ်တယ်ဆိုရင် Single-Blade (သို့) Double-Blade ကိုသာ အသုံးပြုပါ။ ဒါ့အပြင် မုတ်ဆိတ်မွှေးရိတ်နေချိန်၊ နှုတ်ခမ်းမွှေး ရိတ်နေချိန်မှာ အသားအရေကို တင်းနေအောင် ဆွဲဆန့်ထားတာမျိုး မလုပ်ရပါဘူး။ သူ့ဟာနဲ့သူ အလိုက်သင့်လေး ဖြစ်သွားအောင်သာ မုတ်ဆိတ်ရိတ်ရမှာဖြစ်ပါတယ်။

မုတ်ဆိတ် မရိတ်ခင်မှာ အရင်ဆုံး အသားအရေနှင့် မုတ်ဆိတ်မွှေးတွေကို ရေစိုအောင် ရေဆွတ်ပေးလိုက်ပါ။ ထို့နောက် Moisturizing Shaving Cream အသုံးပြုကာ အမွှေးပေါက်တဲ့ လားရာအတိုင်း ဆံပင်မွှေးရိတ်သင့်ပါတယ်။ ဒါ့အပြင် ဘလိတ်ဓားများကိုလည်း ပုံမှန် လဲသင့်ပါတယ်။ အနည်းဆုံး ၅ ကြိမ်ကနေ ၇ ကြိမ်အထိသာ အသုံးပြုသင့်ပါတယ်။ အသားအရေ အနည်းငယ် ယားလာရင်တော့ ပြောင်းသင့်ပါတယ်။

Moisturizer နဲ့ နေ့စဥ် ရေဓာတ် ဖြည့်ပါ

ဆော်ငြင်း အသားအရေ

အသားအရေကို ရေဓာတ် ဖြည့်တင်းဖို့ရန်အတွက် Moisturizer အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ရေချိုးပြီးတဲ့အခါမှာ လိုးရှင်းလေး လူးပေးသင့်ပါတယ်။ ဒါမှ အသားအရေက နူးညံ့အိစက်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်မှာဖြစ်ပါတယ်။

ကိုယ့် အသားအရေနဲ့ လိုက်ဖက်တဲ့ ထုတ်ကုန်ပစ္စည်းများကို အသုံးပြုပါ

ဆော်ငြင်း အသားအရေ

တကယ်လို့ ကွီးတို့ အသားအရေက အဆီပြန်တဲ့ အသားအရေဆိုရင် အဆီမပါတဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ တကယ်လို့ အသားခြောက်တယ်ဆိုရင်တော့ အသားအရေကို ပြန်လည်စိုပြေစေမယ့် ပစ္စည်းမျိုးကို အသုံးပြုရမှာပဲဖြစ်ပါတယ်။ ကိုယ့် အသားအရေနဲ့ လိုက်ဖက်တဲ့ ထုတ်ကုန်ပစ္စည်းမျိုးမှသာလျှင် အသားအရေနဲ့ တည့်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင် Breakout တွေ ထပြီး အသားအရေက ပျက်စီးသွားနိုင်ပါတယ်။

အပြင်ထွက်တော့မယ်ဆိုရင် နေလောင်ကာခရင်မ် မဖြစ်မနေ အသုံးပြုပါ

နေလောင်ကာခရင်

ယနေ့ခေတ်မှာ နေလောင်ကာခရင်မ်ကတော့ အရေးအကြီးဆုံးပါပဲ။ အပူချိန်က တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုလည်း ပိုမိုခံစားရတာပဲဖြစ်ပါတယ်။ ကြာလာတဲ့အခါ အသားအရေက ပျက်စီးလာပြီး အရေပြားကင်ဆာရောဂါကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် နေပူထဲ မထွက်ခင် မိနစ် ၃၀ အလိုကတည်းက နေလောင်ကာခရင်မ်ကို လိမ်းကျံပေးသင့်ပါတယ်။​

ထိုအချက်များအပြင် ကွီးတို့ အချိန်ရဦးမယ်ဆိုရင် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် မျက်နှာကို ပေါင်းတင်ပေးသင့်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့လည်း ဆော်ငြင်းမခံရဘဲ ဆော်ကြည် ဘဲကြည်နိုင်ပါပြီ။

Source: Aad

Featured Image: Freepik