ဆံပင်စတိုင်လ်သည် ကွီးတို့ရဲ့ မျက်နှာကို ဆွဲဆောင်မှု ပိုတိုးလာအောင် ကူညီပေးနိုင်သလို၊ ကိုယ့်မျက်နှာကျနဲ့ မလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်က ကွီးတို့ကို ဆွဲဆောင်မှု လျော့ကျသွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ပါးခြင်း၊ ထူခြင်းကလည်း ကွီးတို့ကို ကြည့်ကောင်းသွားစေသလား၊ ဆွဲဆောင်မှု လျော့ကျသွားစေသလား အဆုံးအဖြတ်ပေးနိုင်ပါသေးတယ်။ ကွီးတို့က ဆံပင် ပါးပြီး ဆံပင် အရှည်နှေး တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားစေနိုင်ပါတယ်။
ဆံကေသာနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိဖို့တော့ မပူပါနဲ့။ အခုဖော်ပြပေးမယ့် နည်းလမ်းများကို လိုအပ်သလို အသုံးပြုကြည့်လိုက်ပါ။ ဆံပင် အရှည်နှေး တဲ့သူတွေအတွက်ရော ဆံပင်ပါးတဲ့သူတွေအတွက်ပါ အဆင်ပြေမယ့် နည်းလမ်းများပဲဖြစ်ပါတယ်။
(၁) ဆံပင်အဖျားနားကို မကြာခဏ တိပေးပါ
ကွီးတို့ဆံပင်က ဘယ်လိုစတိုင်လ်မျိုး ညှပ်ထားသလဲ။ ခပ်ရှည်ရှည် ညှပ်ထားသလား၊ ဒါမှမဟုတ် တိုတိုကပ်ကပ်လေး ညှပ်ထားသလား။
ဆံပင်ကို ခပ်ရှည်ရှည်စတိုင်လ်မျိုး ထားတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဆံပင် အဖျားနားကို မကြာခဏ ညှပ်ပေးဖို့ လိုအပ်ပါတယ်။ ဆံပင် စတိုင်လ် တစ်ခုလုံးကို ပြောင်းပစ်တာမျိုး မဟုတ်ဘဲ၊ ဆံပင် အဖျားနားကိုပဲ လိုက်တိပေးတာမျိုးကို ဆိုလိုတာပါ။ ဒီနည်းလမ်းက ကွီးတို့ရဲ့ ဆံပင်ကို အရှည်မြန်အောင် ကူညီပေးနိုင်ပါတယ်။
(၂) အနည်းဆုံး တစ်ပတ် တစ်ခါ ပုံမှန် ပေါင်းတင်ပါ
ကွီးတို့ရဲ့ ဦးရေပြားသည် အညစ်အကြေးများ၊ ဖုန်မှုန့်များနဲ့ ထိကပ်တဲ့အခါ ဆံကေသာ ဦးရေပြားသည် အားနည်းသွားတတ်ပါတယ်။ ဒီလိုမျိုး အားနည်းသွားတဲ့ ဆံကေသာ ဦးရေပြားကို အားပြန် ဖြည့်ပေးဖို့အတွက်ဆိုရင်တော့ ဆံကေသာကို အနည်းဆုံး တစ်ပတ် တစ်ခါ ပုံမှန် ပေါင်းတင်ပေးဖို့ လိုအပ်ပါတယ်။ အသင့် ထုတ်လုပ်ထားတဲ့ ရယ်ဒီမိတ် ပေါင်းတင်ဆေးတွေလည်း ရှိသလို၊ မိမိဘာသာ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်တဲ့ သဘာဝ ပေါင်းတင်နည်းတွေလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ မိမိ ဆံကေသာ ဦးရေပြားနဲ့ လိုက်ဖက်တဲ့ ပေါင်းတင်ဆေးကို အသုံးပြုနိုင်ပါတယ်။
(၃) ခေါင်းလျှော်ပြီးတဲ့အခါ ဂရုစိုက်ပါ
တချို့တွေက ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို မြန်မြန်ခြောက်အောင်ဆိုပြီး အကြမ်းပတမ်း သုတ်ပစ်တတ်ကြပါတယ်။
ဆံကေသာ ဦးရေပြားသည် ရေစိုနေချိန်မှာ အားအနည်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ထိုအချိန်မှာ ပုဝါနဲ့ အကြမ်းပတမ်း သုတ်ပစ်လိုက်တဲ့အခါ ဦးရေပြားရဲ့ ခံနိုင်ရည်ကို ပိုမိုလျော့ကျသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အခုတစ်ခါ ခေါင်းလျှော်တော့မယ်ဆိုရင် ပုဝါနဲ့ အကြမ်းပတမ်း သုတ်ပစ်တာမျိုး မလုပ်ဘဲနဲ့ ခပ်ဖွဖွသာ သုတ်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ပုဝါအစား၊ မဝတ်တော့တဲ့ ချည်ထည် အင်္ကျီလေးတွေနဲ့ သုတ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
(၄) နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ
နေလောင်ဒဏ်က ကွီးတို့ရဲ့ ဆံကေသာ ဦးရေပြားကို ပျက်စီး ထိခိုက်စေတဲ့ တရားခံများထဲက တရားခံတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် နေပူထဲထွက်တဲ့အခါ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ နေပူထဲ ထွက်တဲ့အခါ ထီး၊ ဦးထုပ် စတဲ့ ကြားခံ အကာအကွယ်များ တဆင့် ခံထားပြီး နေလောင်ဒဏ်ကြောင့် ဆံကေသာ ပျက်စီးခြင်းမှ ကာကွယ်လိုက်ပါ။
ဒီနည်းလမ်းတွေကတော့ ဆံပင် အရှည်နှေး ခြင်း၊ ဆံပင်ပါးခြင်း ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးမယ့် နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းတွေကို စွဲစွဲမြဲမြဲ ပြုလုပ်ဖူးပါသလဲ။
Source: Johnfrieda
Featured Image: Freepik