နွေရာသီအပြောင်းအရွေ့ကာလအတွင်း တော့တင်ဟမ်ဟော့စပါး အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်း ၃ ခုဟာ အပြိုင်အဆိုင် ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo : Goal.com
ဆွန်ဟောင်မင်ဟာ လက်ရှိ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့ပြီး မြောက်လန်ဒန်ကလပ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို အသင်းဘက်ကလည်း ဘဏ္ဍာငွေ ရှာဖွေဖို့ လိုအပ်နေတာကြောင့် တောင်ကိုရီးယား ကစားသမားကို ရောင်းထုတ်ပြီး အတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ဦးကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
TalkSPORT ရဲ့အဆိုအရ ဆော်ဒီပရိုလိဂ် ကလပ်အသင်း ၃ ခုဖြစ်တဲ့ အယ်လ်အာလီ ၊ အယ်လ်ကွက်ဆီယာနဲ့ အယ်လ်နာဆာ အသင်းတွေဟာ ဝါရင့်တောင်ကိုရီးယားကြယ်ပွင့် ကစားသမားကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ AFC ချန်ပီယံလိဂ်ဆုရှင် အယ်လ်အာလီအသင်းဟာ ၎င်းတို့ရဲ့ ဘယ်တောင်ပံ တိုက်စစ်အားကို ဖြည့်တင်းဖို့အတွက် ဆွန်ဟောင်မင်ကို အဓိက ပစ်မှတ်ထား ချိတ်ဆက်နေတာ ဖြစ်တယ်လို့ သိရတယ်။
ဆော်ဒီပရိုလိဂ် ကလပ်အသင်း ၃ ခုလုံးကတော့ ဆွန်ဟောင်မင် အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄ သန်း) အထိပေးချေသွားဖို့ အဆင်သင့်ရှိနေပါတယ်။ လာမယ့်ဇူလိုင်လထဲမှာ အသက် ၃၃ နှစ်ပြည့်မှာ ဖြစ်တဲ့ တောင်ကိုရီးယား လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးစုစုပေါင်း ၇ ဂိုးသာ သွင်းယူပေးနိုင်ပါတယ်။ အဆိုပါ သွင်းဂိုးအရေအတွက်ဟာ ၂၀၁၅ – ၂၀၁၆ ရာသီ တော့တင်ဟမ်ဟော့စပါး အသင်းကိုနဲ့ ပထမဆုံး ရောက်ရှိလာခဲ့စဉ်ကတည်းက ဘောလုံးရာသီတစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုး အနည်းဆုံး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
Photo : Goal.com
တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့် သြဂုတ် ၃ ရက်နေ့မှာတော့ တောင်ကိုရီးယားနိုင်ငံ Seoul World Cup ဘောလုံးကွင်း နယူးကာဆယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကစားရမှာဖြစ်တာကြောင့် အသင်းအနေနဲ့တော့ ဆွန်ဟောင်မင်ကို ဒီပွဲပြီးတဲ့အထိ အသင်းမှာဆက်လက် ထိန်းသိမ်းထားဖွယ်ရှိနေပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်သတ္တပတ်လောက်မှပဲ ကစားသမားရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။
Source : Goal.com
Featured Photo : The Sun