သီချင်းနားထောင်ခြင်းသည် ဦးနှောက်ကို အနားရစေပြီး စိတ်လှုပ်ရှားပူပန်မှုများကို လျော့ချပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို မှန်ကန်စေကာ စိတ်ဖိစီးမှုများကိုလည်း လျော့ချပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့်လည်း လူအများက သီချင်းနားထောင်ရတာကို နှစ်သက်ကြတာဖြစ်ပါတယ်။ ဇွန်လ အတွင်းမှာလည်း သီချင်းအသစ်များစွာ အများအပြားထွက်ရှိထားပြီး တေးသီချင်း များကိုလည်း နားထောင်ကြသူတွေ အများအပြားရှိပါတယ်။

ကွီးတို့လည်း ဇွန်လ အတွင်း ထွက်ရှိတဲ့ တေးသီချင်း ကောင်းများကို နားဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းကောင်းများကို ရွေးချယ်နားဆင်နိုင်ပါတယ်။

Running Up That Hill (A Deal With God) – Kate Bush

Source: KateBushMusic

ဒီသီချင်းလေးရဲ့ မူရင်းခေါင်းစဉ်ကတော့ A Deal With God ဖြစ်ပါတယ်။ ဒီသီချင်းလေးသည် ၁၉၈၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး စထွက်ထွက်ချင်းမှာလည်း လူကြိုက်များခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထွက်ရှိခဲ့တဲ့ သီချင်းလေးသည် ပြီးခဲ့တဲ့လနှင့် ယခုလအတွင်းမှာလည်း ထပ်မံလူကြိုက်များခဲ့ပြန်ပါတယ်။

ဇွန်လ တေးသီချင်း

Photo: Nme

Stranger Things ဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်စီးရီးဇာတ်လမ်းရဲ့ Season 4 မှာ ထိုသီချင်းလေး  ပြန်ပါဝင်လာခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ထိုသီချင်းသည် YouTube မှာ လူအများဆုံး နားဆင်ကြတဲ့သီချင်းတစ်ပုဒ် ဖြစ်လာခဲ့ပြန်ပါတယ်။

ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်လေးကတော့ ချစ်သူနှစ်ဦးအကြား နားလည်မှုလွဲကြတဲ့အခါ နှစ်ဦးသားနေရာ လဲလိုက်မယ်ဆိုရင် တစ်ယောက်ရဲ့အမြင်ကို လက်ခံလာမှာဖြစ်ကြောင်း ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။

Yet To Come – BTS

Source: HYBE LABELS

ဒီသီချင်းလေးကတော့ သူ့ရဲ့ခေါင်းစဉ်အတိုင်းပဲ လူ့ဘဝမှာ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုပြီး အချိန်ကာလအသီးသီးရှိသလို အတိတ်မှာ အကောင်းဆုံး အချိန်တွေ ပိုင်ဆိုင်ခဲ့ပြီးဖြစ်သလို ပိုပြီးလှပတဲ့ အရာများလည်း ပိုင်ဆိုင်ဖို့ဖြစ်လာဦးမှာပါလို့ သီဆိုထားတာဖြစ်ပါတယ်။

ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲများသည် လူကြီးတစ်ယောက်အဖြစ် ရင့်ကျက်လာအောင် ကူညီပေးနိုင်တာဖြစ်ပြီး ထိုအရာများသည် ကျနော်တို့ရဲ့ဘဝကို ပိုပြီးလှပလာအောင် ကူညီပေးတာဖြစ်ပါတယ်။

Glimpse Of Us – Joji

Source: 88rising

ဒီသီချင်းလေးကတော့ Joji ရဲ့ ၂၀၂၀ ကတည်းက ထွက်ရှိခဲ့တဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် ထွက်ရှိကတည်းက အခုမှ ပြန်လည်ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းထဲက အကြောင်းအရာကတော့ သူ့ရဲ့ လက်ရှိ ရည်းစားနဲ့ အရင်ရည်းစားဟောင်းတို့ကြား နှိုင်းယှဉ်ထားတာဖြစ်ပြီးတော့ ယခင်ရည်းစားဟောင်းကို မမေ့နိုင်သေးကြောင်း သီဆိုထားတာဖြစ်ပါတယ်။

About Damn Time – Lizzo

Source: Lizzo Music

ဒီသီချင်းလေးကတော့ တကယ့်ကို စိတ်ခွန်အားရစေမယ့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ စိတ်ညစ်နေရတဲ့အချိန်၊ ခက်ခဲကြမ်းတမ်းတဲ့အချိန်မှာ စိတ်ဓာတ်ခွန်အားမြင့်တင်ဖို့အတွက် နားဆင်သင့်တဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်ပဲ စိတ်ဖိစီးနေပါစေ ဒီသီချင်းလေးကိုသာ နားဆင်ခံစားကြည့်လိုက်ပါ။ တကယ့်ကို စိတ်သက်သာရာရသွားစေမှာဖြစ်ပါတယ်။

Efecto – Bad Bunny

Photo: Lyricstranslated

အင်္ဂလိပ်သီချင်းလေးတွေ နားဆင်ခံစားရတာ စိတ်ညစ်နေတယ်ဆိုရင်တော့ စပိန်သီချင်းလေးတွေ နားဆင်ခံစားနိုင်ပါတယ်။ ဒီသီချင်းလေးကတော့ ယခုလတ်တလောမှာ နာမည်ကြီးနေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

သီချင်းလေးထဲက အကြောင်းအရာကတော့ သူ့ရဲ့ခံစားချက်က တိုက်ဆိုင်မှုသက်သက်ပဲလားဆိုတာကို သူ မသေချာမရေရာဖြစ်နေပုံကို သီဆိုထားတာဖြစ်ပါတယ်။ သူသည် ကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားနေပြီး ဘာ့ကြောင့် ထိုကဲ့သို့ ခံစားနေရသလဲဆိုတာ မသေချာဖြစ်နေတာဖြစ်ပါတယ်။

Moscow Mule – Bad Bunny

Source: Bad Bunny

ဒီသီချင်းလေးသည်လည်း Bad Bunny ရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ လတ်တလောမှာတော့ Billboard Chart ထဲမှာ Bad Bunny ရဲ့ သီချင်းတော်တော်များများက နေရာယူထားပါတယ်။ ဘာ့ကြောင့်လဲဆိုတာ သိချင်ရင်တော့ သီချင်းလေးကို ကိုယ်တိုင်ကိုယ်ကျ နားဆင်ခံစားကြည့်လိုက်ပါဦး။

First Class – Jack Harlow

Source: Jack Harlow

အမေရိကန် ရက်ပ်အဆိုတော် Jack Harlow ရဲ့ First Class ဆိုတဲ့ သီချင်းလေးသည်လည်း လတ်တလောမှာ ရေပန်းစားနာမည်ကြီးပါတယ်။ ဒီသီချင်းလေးကတော့ သူ့ရဲ့ ယခင်တုန်းက အခက်အခဲများ ကြုံတွေ့ခဲ့ရပုံနှင့် ယခုအချိန် နာမည်ရလာသောအခါ ဘဝကြီးက ဘယ်လောက်တောင် ပြောင်းလဲသွားကြောင်းကို ဖော်ကျူးသီဆိုထားတာဖြစ်ပါတယ်။

Late Night Talking – Harry Styles

Source: Harry Styles

လူတစ်ယောက်မှာ အကျင့်တစ်ခု မြဲမြံသွားဖို့ဆိုရင် ရက်ပေါင်း ၂၁ ရက်ကြာသာ အချိန်ပေးရပါတယ်။ ဒီသီချင်းလေးထဲမှာလည်း အဆိုတော်က သူသည် သူ့ရဲ့ရည်းစားဟောင်းနဲ့ ညဘက်တိုင်း စကားပြောဖြစ်ပြီး ရက်ပေါင်း ၂၁ ရက်ကြာတဲ့အခါ သူ(မ)နဲ့ ညတိုင်းစကားမပြောရရင် မနေနိုင်လာအောင် အကျင့်တစ်ခုဖြစ်သွားကြောင်း သူ(မ)ကို စွဲလမ်းသွားကြောင်း သီဆိုထားတာဖြစ်ပါတယ်။

I Like You (A Happier Song) – Post Malone Featuring Doja Cat

Source: Post Malone

Post Malone နဲ့ Doja Cat တို့ အတူတူတွဲဖက်သီဆိုထားတာဖြစ်ပြီး သီချင်းလေးသည် နားထဲစွဲလွယ်စေတဲ့အပြင် သီချင်းသံစဉ်လေးသည်လည်း နားထောင်လို့ကောင်းပါတယ်။

WAIT FOR U – Future

Source: Future

ဟစ်ဟော့နှင့် ရက်ပ်သီချင်း ကြိုက်နှစ်သက်သူများအတွက် WAIT FOR U ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ်လည်းရှိပါသေးတယ်။ ဇွန်လ အတွင်း လူကြိုက်အများဆုံး တေးသီချင်း များထဲတွင်လည်း သူလည်း အပါအဝင်ပါပဲ။