ယောက်ျားသားတို့အတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က အရေးပါပါတယ်။ လိင်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ဖို့ အလုံးစုံသော ကျန်းမာရေး သာမက လိင်အင်္ဂါကျန်းမာဖို့လည်း လိုပါတယ်။ ဒါကြောင့် ညိုကီတို့ရဲ့ ညီလေး နဲ့ ပတ်သတ်ပြီး သတိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
ယားယံခြင်း
Photo : Male UltraCore
တစ်ခါတစ်ရံမှာ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် ယားယံတတ်ပါတယ်။ ယားယံရခြင်း အကြောင်းအရင်းများမှာ ဆပ်ပြာအသုံးပြုမှု မှားခြင်း၊ နှင်းခူ သို့မဟုတ် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်း၊ မှိုပိုးဝင်ခြင်းနဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ အရေပြားအခြေအနေများကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုယားယံခြင်းများ ဖြစ်ပေါ်လာပြီး ဆက်လက်ပြီး ပြင်းထန်လာပါက ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုပါတယ်။ မပေါ့ဆသင့်ပါဘူး။
ဒါ့အပြင် လိင်အင်္ဂါ ယားယံခြင်းနဲ့ ပတ်သတ်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပါတယ်။ နည်းလမ်းအချို့ကတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်အလေးပေး လုပ်ဆောင်ပါ။ နူးညံ့ပြီး သင့်တော်သော ဆပ်ပြာကို အသုံးပြုပါ။ ရေနွေးပူပူအစား ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ ပေါင်ခြံနေရာကို ခြောက်သွေ့အောင် ထားပါ။ အတွင်းခံ ချောင်ချောင်ချိချိ ဝတ်ဆင်ပါ။ လိင်ဆက်ဆံစဉ်အတွင်း လုံလောက်သော ချောဆီနှင့် အကာအကွယ်ကို အသုံးပြုပါ။ ယားယံခြင်း ပျောက်ကင်းတဲ့အထိ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေကို ခေတ္တ ရပ်ထားတာတော့ အကောင်းဆုံးပါပဲ။
လိင်အင်္ဂါမှ အရေပြားကွာခြင်း
Photo : First Derm
လိင်တံအပါအဝင် ခန္ဓာကိုယ်ပေါ်ရှိ မည်သည့်နေရာတွင်မဆို အရေပြားကွာခြင်း ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါမှ အရေပြားကွာခြင်းကတော့ ပွတ်တိုက်မိခြင်း၊ ဓါတ်မတည့်ခြင်း၊ လိင်အင်္ဂါကြွက်နို့များ၊ ဝက်ခြံများ သို့မဟုတ် နှင်းခူကဲ့သို့သော အရေပြားအခြေအနေတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ယားယံခြင်း၊ ပူလောင်ခြင်း သို့မဟုတ် နီခြင်းတို့ဖြင့် လိုက်ပါလာနိုင်သည့် တစ်ခုတည်းသော လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါမှ အရေပြားများ ဆက်လက်ကွာနေပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာများ အနေနဲ့ ဆီးထွက်ခြင်း၊ အနာပေါက်ခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် ဆီးသွားသည့်အခါ နာကျင်ခြင်းတို့ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
နာကျင်ခြင်း
Photo : New York Post
လိင်အင်္ဂါနာကျင်ခြင်းကတော့ တကယ်ကို အလေးထားရမယ့် မူမမှန်မှုပါပဲ။ ညိုကီတို့အနေနဲ့ လိင်ဆက်ဆံနေစဉ်၊ ဆီးသွားနေစဉ်၊ ထိခိုက်ဒဏ်ရာရပြီးနောက် သို့မဟုတ် အခြားနည်းဖြင့် လိင်ဆက်ဆံစဉ်အတွင်း လိင်တံနာကျင်ခြင်း ကို ခံစားရခြင်း နဲ့ ပြင်းထန်သော လိင်တံနာကျင်မှုကို ကြုံတွေ့နေရပါက မပေါ့ဆပဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ လိင်အင်္ဂါနာကျင်ခြင်းမှာ အပျော့စားကနေ ပြင်းထန်တဲ့အထိ နာကျင်မှုဖြစ်စေတဲ့ အကြောင်းရင်း ဒါမှမဟုတ် အခြေအနေအမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးပြသမှသာ အကြောင်းအရင်းမှန်ကို သိရှိနိုင်ပြီး မှန်ကန်ထိရောက်သော ကုသမှုကို ခံယူနိုင်မှာ ဖြစ်ပါတယ်။
Photo : First Derm
အခုဖော်ပြပေးလိုက်တာကတော့ ညိုကီတို့ရဲ့ ညီလေး မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခံစားရလျှင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ မတွန့်ဆုတ်ပါနဲ့။ ဒါမှသာ ထိရောက်သော ကုသမှုရရှိနိုင်ပြီး အမြန်ဆုံးသက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။ ထိုသို့ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် မူမမှန်မှုတွေ ခံစားနေရလျှင် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ မပြုလုပ်တာ အကောင်းဆုံးပါပဲ။ နောက်တစ်ချက်အနေနဲ့ကတော့ လိင်ဆက်ဆံတိုင်း အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်းက လိင်မှတစ်ဆင့် ဖြစ်ပွားနိုင်တဲ့ ရောဂါများကို အထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်စေပါတယ်။
Source : University of Nebraska Lincoln
Featured Photo : The Sun