ဖွားဖက်တော် ညီလေး မှာ သွေးကြော တွေ ထင်းနေအောင် ပေါ်နေတာနဲ့ ပတ်သတ်ပြီး ဒါဟာ ပုံမှန်ဟုတ်မဟုတ် သိချင်ကြမယ့် ကွီးတွေ ရှိမယ်ထင်ပါတယ်။ ခန္ဓာဗေဒအရ လူ့အရေပြားပေါ် ဘယ်နေရာအစိတ်အပိုင်းမှာမဆို အဆီရာခိုင်နှုန်းနည်းလာတာနဲ့ သွေးကြောတွေ ပေါ်လာတက်တာ သဘာဝပါ။ ဒါဆို ဖွားဖက်တော် မှာရော သွေးကြောတွေ ပေါ်တာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဟုတ်မဟုတ် ဒီဆောင်းပါးလေးမှာ လေ့လာကြည့်လိုက်ရအောင်ပါ။

အရင်ဆုံး သိထားရမှာက အမျိုးသားတွေရဲ့ ဖွားဖက်တော် ညီလေး ဟာ အရိုးမရှိပဲတစ်သျှူး ၊သွေးပြန်ကြော ၊ သွေးလွှတ်ကြော များစွာနဲ့သာ ဖွဲ့စည်းထားတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လိင်စိတ်နိုးကြွလာချိန် ၊ လိင်တံထောင်မတ်လာချိန်တွေမှာ ဖွားဖက်တော်ဆီသို့ သွေးစီးဆင်းမှု ပိုများလာစေတဲ့အတွက် လိင်အင်္ဂါ အရွယ်အစားဟာ သာမန်အချိန်ထက်ပိုပြီး ကြီးထွားတင်းမာလာသလို သွေးကြောတွေလည်း ပေါ်ပေါ်ထင်ထင် မြင်လာရတာ ဖြစ်ပါတယ်။ သို့သော် လိင်တံပေါ်က သွေးကြောတွေဟာ မျိုးရိုးဗီဇ ၊ အသက်အရွယ်ပေါ်မူတည်ပြီး အပြောင်း အလဲ ရှိနိုင်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောစနစ်ကို ထိခိုက်စေတဲ့ အခြားအခြေအနေတွေကြောင့်လည်း သွေးပြန်ကြောများဆီသို့ သွေးစီးဆင်းမှုကို ပိတ်ဆို့တားစီးသလို ဖြစ်စေတာကြောင့် ယင်းအခြေအနေတွေမှာ သွေးကြောတွေရဲ့ ပုံသဏ္ဍန်ဟာ ပြောင်းလဲသွားစေနိုင်ပါတယ်။

ညီလေး ပေါ်က သွေးကြောတွေက ထောင်မတ်မှု သို့မဟုတ် သုတ်လွှတ်ခြင်းအပေါ် လွှမ်းမိုးမှု ရှိပါသလား ?

Veins On Penis
Photo : New York Post

ယေဘုယျအားဖြင့်တော့ ညီလေးမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ သွေးပြန်ကြောတွေဟာ လိင်တံထောင်မတ်နိုင်စွမ်း ဒါမှမဟုတ် သုတ်လွှတ်မှု အခြေအနေတွေ အပေါ် သက်ရောက်တာမျိုး မရှိပါဘူး။ သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲခြင်းနဲ့ သွေးကြောကျဉ်းခြင်း စတဲ့ အခြေအနေတွေသာလျှင် လိင်တံထောင်မတ်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိနိုင်တာ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ နှလုံးသွေးကြောကျန်းမာရေးနဲ့ လိင်အင်္ဂါလုပ်ဆောင်မှုတွေကြားမှာ ဆက်စပ်မှု ရှိနေတယ်လို့ ဆိုထားပြီး ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာလည်း လိင်အင်္ဂါချို့ယွင်းမှုပြဿနာဟာ နှလုံးသွေးကြောဆိုင်ရာရောဂါရဲ့ အစောပိုင်းလက္ခဏာတစ်ခု ဖြစ်နိုင်တယ်လို့ သုတေသီတွေက ကောက်ချက်ချထားပါတယ်။

ဖွားဖက်တော်မှာ ပေါ်နေတဲ့ သွေးပြန်ကြော အရွယ်အစားနဲ့ ထင်သာမြင်သာ ရှိမှုဟာ လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်သလို လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကြောင့် သို့မဟုတ် ကျန်းမာရေး နောက်ခံအခြေအနေကြောင့်လည်း ပြောင်းလဲနိုင်ပါတယ်။ ဆက်လက်ပြီး ညီလေး မှာ  သွေးကြော တွေပေါ်စေတဲ့ အကြောင်းအရင်းတွေကို ဆက်ကြည့်ရအောင်ပါ………..

လိင်တံထောင်မတ်ခြင်း – ဖွားဖက်တော် ညီလေး ထောင်မတ်နေစဉ်အတွင်းမှာ နှလုံးကနေ အောက်ဆီဂျင်ပါတဲ့ သွေးတွေဟာ လိင်တံတစ်သျှူးတွေဆီသို့ စီးဆင်းလာစေတဲ့အတွက် လိင်တံအရေပြားပေါ်မှာ သွေးကြော တွေ ပိုမို ပေါ်ထင်းလာစေတာ ဖြစ်ပါတယ်။

သွေးခဲခြင်း – သွေးခဲခြင်း ဆိုတာဟာ သွေးကြော တွေအတွင်းမှာ သွေးစနဲ့ အစိုင်အခဲများ စုပုံလာတဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သွေးခဲခြင်းက သွေးစီးဆင်းမှုကို ကြီးကြီးမားမား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သွေးခဲတဲ့ အခြေအနေဟာ လိင်တံရှိ Dorsal Vein တွေမှာ ဖြစ်ပေါ်လာနိုင်ပြီး Mondor’s Disease လို့ ခေါ်တဲ့ ရှားပါးအခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။Mondor’s Disease ဟာ လိင်တံရှိ သွေးကြော တွေကိုသိသာထင်ရှားစွာ ပေါ်လာစေပြီး တစ်ခါတစ်ရံမှာ နာကျင်မှု ၊ ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကို ကြုံတွေ့ ခံစားရနိုင်ပါတယ်။

သွေးပြန်ရည်ကြောစနစ် ရောင်ရမ်းခြင်း – Lymphedema လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်အတွင်းက သွေပြန်ရည်ကြောစနစ် စီးဆင်းမှု မမှန်ခြင်းကြောင့် လိင်အင်္ဂါ အပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေမှာ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
သွေးပြန်ရည်ကြောစနစ် ရောင်ရမ်းခြင်းကြောင့် လိင်တံမှာ ရောင်ရမ်းမှုကို ဖြစ်စေပြီး လိင်တံအရေပြားပေါ် သွေးကြောတွေ ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။

ပါရိုးနိစ်ရောဂါ ဖြစ်ပွားခြင်း – Peyronie’s Disease (ပါရိုးနိစ်ရောဂါ) ဆိုတာဟာ လိင်တံမှာရှိတဲ့ တစ်သျှူးတွေ ပျက်စီးပြီး အမာရွတ်တွေ ပုံပျက်လာခြင်းကြောင့် လိင်တံ ကွေးတာ ၊ ကောက်တာမျိုး ဖြစ်လာစေတဲ့ ရောဂါအခြေအနေတစ်ရပ်ကို ရည်ညွှန်းပါတယ်။ ပါရိုးနိစ်ရောဂါ ဟာ လိင်ဆက်ဆံစဉ်အတွင်းမှာ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာကို ခံစားရစေနိုင်သလို လိင်တံ တစ်သျှူးတွေ ပုံပျက် ပျက်စီးခြင်းကြောင့် လိင်တံအရေပြားမှာ တင်းကြပ်ကြပ် ခံစားချက်နဲ့ သွေးကြော တွေ ပေါ်ထွက်လာစေတာပဲ ဖြစ်ပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြသင့်လဲ ?

Veins On Penis

Photo : Healthgains

ဖွားဖက်တော် ညီလေး မှာ ပေါ်တဲ့ သွေးကြောတွေဟာ ယေဘုယျအားဖြင့် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အခြေအနေ တစ်ခုဖြစ်တာကြောင့် အရမ်းကြီး စိတ်ပူစရာတော့ မလိုပါဘူး။ သို့သော် အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ခံစားကြုံတွေ့ နေရတယ်ဆိုတော့ ဆရာဝန်နဲ့ ချက်ချင်းသွားရောက် စစ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

  • လိင်တံ ထောင်မတ်စဉ် ၊ သုတ်လွှတ်စဉ် နဲ့ ဆီးသွားချိန်တွေမှာ နာကျင်ခြင်း
  • လိင်တံ သို့မဟုတ် ဝှေးစေ့များ ရောင်ရမ်းခြင်း
  • လိင်တံရဲ့ အရေပြားအရောင် ပြောင်းလဲလာခြင်း
  • လိင်တံ သို့မဟုတ် ကပ်ပယ်အိတ်မှာ အဖုအကျိတ်တွေ ခံစားမိခြင်း
  • ဝမ်းဗိုက် အောက်ပိုင်း သို့မဟုတ် နောက်ကျော နာကျင်ခြင်း

စတဲ့ အခြေအနေ လက္ခဏာ ဖြစ်ပေါ်ခံစားနေရတယ် ဆိုရင်တော့ နီးစပ်ရာ ကျန်းမာရေးစင်တာ သို့မဟုတ် ဆရာဝန်နဲ့ သွားရောက် ပြသပြီး စစ်ဆေးကုသမှု ခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။

Source : MedicalNewsToday

Featured Photo : NZ Herald