အနောက် ဥရောပရဲ့ လူကြိုက်အများဆုံး အားကစား တွေထဲမှာ တင်းနစ် ကစားနည်းလည်း အပါအဝင်ပါပဲ။ တင်းနစ် အားကစား နဲ့ ဆင်တဲ့ ကစားနည်းမျိုးကို ရှေးရှေးက ဂရိလူမျိုးတွေ ကစားခဲ့ကြတယ်လို့ ဆိုပါတယ်။ အခု နောက်ပိုင်းကစားနည်းကတော့ အလယ်ခေတ် ပြင်သစ်နိုင်ငံမှာ ကစားကြတဲ့ နည်းစနစ်ကနေ အဆင့်ဆင့် ဖြစ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်း ပြင်သစ် တင်းနစ် ကစားနည်းက ကွင်းလယ်မှာ မြေကတုတ် ဖို့ထားပြီး အဲ့ဒီ မြေကတုတ်အပေါ်ကို ကျော်အောင် ဘောလုံးကို လက်နဲ့ ပုတ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ပို့ပြီး ကစားကြတာလို့ ဆိုပါတယ်။ နောက်မှသာ ဘောလုံးကို လက်နဲ့ မပုတ်ဘဲ ဘတ်တံနဲ့ ရိုက် ကစားလာတာ ဖြစ်ပါတယ်။ ရှေးတုန်းက ထီးမှုနန်းတွင်း ကစားနည်း ဖြစ်ခဲ့တဲ့ တင်းနစ် ကစားနည်းကို အင်္ဂလန်နိုင်ငံက ၁၈၇၄ ခုနှစ်မှာ နည်းစနစ်သစ် စံသတ်မှတ်ခဲ့ပြီး အမေရိကန်မှာ ၁၉၇၅ ခုနှစ်က စတင် ကစားခဲ့တာပါ။
Photo: sportingnews
နိုင်ငံအချင်းချင်း တင်းနစ် ပြိုင်ပွဲတွေကို ၂၈၇၇ ခုနှစ် အင်္ဂလန်နိုင်ငံ ဝင်ဘယ်လ်ဒန် မြက်ခင်းပြင်ကွင်းမှာ စတင် ကျင်းပခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ တင်းနစ် ပွဲတွေကို နိုင်ငံပေါ် လိုက်ပြီး ဩစတြေးလျအိုးပင်း ၊ ပြင်သစ် အိုးပင်း ၊ US Open ဆိုပြီး ကစားနေကြသလို စီးပွားရေးအရလည်း ဒေါ်လာသန်း ရာပေါင်းများစွာ လည်ပတ်နေတဲ့ အားကစား လုပ်ငန်းကြီးတစ်ခု ဖြစ်လာပါတယ်။
တင်းနစ် ကစားနည်း အောင်မြင်ကျော်ကြားလာမှုနဲ့အတူ တင်းနစ် နဲ့ ငွေကြေးဟာ ခွဲခြားလို့ မရတော့ပါဘူး။ တင်းနစ် ကစားသမား တွေဟာ ဆုကြေးအပြင် စပွန်ဆာတွေ ၊ ကြော်ငြာ နဲ့ စွမ်းဆောင်ရည်အလိုက် ရတဲ့ ဝင်ငွေတွေကလည်း သန်းပေါင်းများစွာ ရှိလာပါတယ်။ တင်းနစ် ကစားပြီး လူသိများ ကျော်ကြားကြသလို ဝင်ငွေအားဖြင့်လည်း အမြင့်ဆုံး ကစားသမား တွေ က ဘယ်သူတွေ ဖြစ်မလဲဆိုတာကို Sportico သတင်းမှာ ဖော်ပြထားတဲ့ အတိုင်း လက်ဆင့်ကမ်း မျှဝေလိုက်ပါတယ်။
(၁) ရော်ဂျာ ဖက်ဒဲရာ
Photo : Time
အားကစား စိတ်ဝင်စားသူတိုင်း ရော်ဂျာ ဖက်ဒဲရာ ဆိုတဲ့ နာမည်နဲ့ ရင်းနှီးပြီး ဖြစ်မှာပါ။ ဆွစ်ဇာလန် တင်းနစ် အကျော်အမော် ဖက်ဒဲရားဟာ အသက် ၄၀ ပြည့်သွားပြီ ဖြစ်လို့ အားကစား သမား တစ်ယောက်အနေနဲ့ အိုတဲ့ဘက် ရောက်သွားပြီလို့ ပြောနိုင်ပါတယ်။ ဖက်ဒဲရားဟာ ရှာမှရှားတဲ့ တင်းနစ် ပါရမီရှင် တစ်ဦးဖြစ်ပြီး တင်းနစ် ပရော်ဖက်ရှင်နယ်များ အစည်းအရုံး ATP မှာ ကမ္ဘာ့နံပါတ် ၁ နေရာကို သီတင်းပတ်ပေါင်း ၃၁၀ ကြာအောင် ရပ်တည်နိုင်ခဲ့တဲ့ ချန်ပီယံအဖြစ်လည်း မှတ်တမ်း ဝင်ထားပါတယ်။
ATP မှာ ၂၃၇ ပတ် ဆက်တိုက် နံပါတ်တစ် စွဲခဲ့ပြီး တစ်နှစ်တာ နံပါတ် ၁ နေရာမှာ ၅ ကြိမ် ရခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ ဂရင်းဆလင်း ဆု ၂၀ အပါအဝင် ATP တစ်ကိုယ်တော်ဆုပေါင်း ၁၀၃ ခု ရထားတဲ့ ဖက်ဒဲရာဟာ ဂျင်မီ ကွန်နားစ် ပြီးရင် ATP Titles အများဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ဒီဘက်ခေတ်မှာ ဖက်ဒဲရာ နဲ့ အပြိုင် ကမ္ဘာ့နံပါတ်တစ် အဖြစ် ယှဉ်ပြေးနေတာ ရာဖေးလ် နာဒဲလ် နဲ့ နိုဗက်ခ် ဂျိုကိုဗစ်တို့ပဲ ရှိပါတယ်။
၂၀၂၁ စက်တင်ဘာလအထိ ATP တင်းနစ် ကစားသမား တွေထဲမှာ ဆုကြေးအများဆုံး ရတဲ့ ကစားသမား ကလည်း ရော်ဂျာ ဖက်ဒဲရားပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အထိ ဖက်ဒဲရားဟာ ဆုကြေးငွေ ဒေါ်လာ သန်း ၁၃၀ ကျော် ရခဲ့ပြီး ၂၀၂၂ ခုနှစ် အတွက် ဂျိုကိုဗစ်က ဆုကြေး ဒေါ်လာ ၁၅၄.၈ သန်း ၊ ရာဖေး နာဒဲလ်က ဒေါ်လာ ၁၂၇.၄ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။
ကွင်းတွင်း ဆုကြေးအနေနဲ့ ကစားသမား ဘဝ တစ်လျှောက် ဖက်ဒဲရာရဲ့ ဝင်ငွေဟာ ဂျိုကိုဗစ်လောက် မများပေမယ့် ကွင်းပြင်ပ ဝင်ငွေက ဒေါ်လာ ၈၄ သန်းနဲ့ အမြင့်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကမ္ဘာကျော် အမှတ်တံဆိပ်တွေ ဖြစ်တဲ့ UNIQLO ၊ Credit Suisse ၊ Mercedes – Benz ၊ Rolex နဲ့ Wilson တို့ဟာ ဖက်ဒဲရာ နဲ့ စာချုပ်ချုပ်ပြီး စပွန်ဆာပေးထားကြတာပါ။ ဖက်ဒရာနဲ့ တွဲပြီး စပွန်ဆာ ပေးထားတဲ့ Partnership ထဲမှာ အရင်က လက်တွဲခဲ့တဲ့ Nike ဟာ စံချိန်တင် စပွန်ဆာကြေး ဒေါ်လာသန်း ၁၅၀ အထိ စံချိန်တင် ပေးခဲ့တာ ဖြစ်ပါတယ်။
(၂) နာအိုမီ အိုဆာကာ
Photo : Tennis365
ကမ္ဘာ့ကြေး အမြင့်ဆုံး တင်းနစ် ကစားသမား တွေထဲမှာ မျက်နှာသစ် Player တစ်ဦးက ဂျပန်နိုင်ငံသူ နာအိုမီ အိုဆာကာပဲ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အိုဆာကာဟာ အမျိုးသမီး တင်းနစ် အစည်းအရုံးရဲ့ ကမ္ဘာ့နံပါတ်တစ် နေရာကို အသက် ၂၂ မှာ ရခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ထပ် မှတ်တမ်းကတော့ ကမ္ဘာ့ကြေးအမြင့်ဆုံး တင်းနစ်မယ် အဖြစ်ရော ကမ္ဘာ့နံပါတ်တစ် အနေနဲ့ရော ရခဲ့တဲ့ ဂျပန်လူမျိုးထဲက ပထမဆုံး မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်သလို အာရှပထမဆုံး ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဖြစ်ခဲ့တာပါ။
ဂရင်းဆလင်း တစ်ဦးချင်း ချန်ပီယံ ၄ ကြိမ် ရထားတဲ့ သူမဟာ ATP Titles ၇ ခု ရထားပြီး ကစားသမား ဘဝတစ်လျှောက် ဆုကြေးငွေ ဒေါ်လာ ၂၀.၁ သန်း ၊ ကွင်းပြင်ပ ဝင်ငွေ ဒေါ်လာ ၅၅.၂ သန်းအထိ ရထားပြီး စပွန်ဆာအနေနဲ့ Nike ၊ Workday ၊ TAG Heuer ၊ Louis Vuitton ၊ Beats By Dre ၊ Mastercard တို့နဲ့ စာချုပ်ချုပ်ထားပါတယ်။
(၃) ဆီရီနာ ဝီလျံ
Photo : Daily Sabah
တင်းနစ် လောကမှာ ဝီလျံညီအစ်မ နှစ်ဖော်ရဲ့ နာမည်ကတော့ ဘယ်တော့မှ ကွယ်ပျောက်သွားတော့မှာ မဟုတ်ပါဘူး။ ဆီရီနာထက် တစ်နှစ်ငယ်တဲ့ ဗီးနပ်စ်ဝီလျံကလည်း တစ်ဦးချင်းရော နှစ်ယောက်တွဲမှာရော ကမ္ဘာ့နံပါတ်တစ် ဖြစ်ပါတယ်။ ဆီရီနာဟာ အမျိုးသမီး တင်းနစ်အစည်းအရုံးရဲ့ ၃၁၉ ပတ်ကြာ ကမ္ဘာ့နံပါတ် ၁ နေရာကို ဗိုလ်စွဲထားနိုင်ခဲ့သူလည်း ဖြစ်ပြီး ဂရင်းစလင်း ၂၃ ဆုနဲ့ မာဂရက် ကော့တ်ပြီးရင် ဒုတိယအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ကစားသမား ဘဝ ဆုကြေးငွေ ဒေါ်လာ ၉၄ သန်းခွဲကျော် ရထားပြီး ကွင်းပြင်ပ ဝင်ငွေ ဒေါ်လာ ၃၅.၃ သန်း ရှိထားသူလည်း ဖြစ်ပါတယ်။ Instagram မှာ Follower ၁၄ သန်းကျော် ရှိထားတဲ့ ဆီရီနာဟာ Nike, ilson, Gatorade, Delta Air Lines, Aston Martin, Pepsi, Beats by Dre, JP Morgan Chase, Audemars Piguet, Bumble, Upper Deck, IBM, Intel တို့နဲ့လည်း စာချုပ်တွေ ချုပ်ဆိုထားပါတယ်။
(၄) နိုဗက်ခ် ဂျိုကိုဗစ်
Photo : eurosport
လက်ရှိ ကမ္ဘာ့အဆင့် ၁ တင်းနစ်သမားဖြစ်တဲ့ ဆားဗီးယန်းလူမျိုး ဂျိုကိုဗစ်ဟာ ကိုဗစ်ဆေး ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် ဒီနှစ် ဂရင်းဆလင်းပြိုင်ပွဲကြီးတွေနဲ့ လွဲဖို့ ရှိပါတယ်။ ကမ္ဘာ့အဆင့် တင်းနစ် အကျော်အမော်ဟာ သောက်နေတဲ့ ရေကနေ ဆေးဝါးအထိ သူစားသမျှကနေ သူ့ရဲ့ အားကစားစွမ်းရည် ထိခိုက်မှာ အစိုးရိမ်ကြီးသူလည်း ဖြစ်ပါတယ်။
ဂရင်းဆလင်း တစ်ဦးချင်းဆု ၂၀ ရထားပြီး ATP မှာ ကမ္ဘာ့နံပါတ်တစ် နေရာ ၃၆၁ ပတ် ဆက်တိုက် ရထားသူ ဖြစ်ပါတယ်။ ကစားသမား ဘဝ ဆုကြေးအရ ဂျိုကိုဗစ်ဟာ ဒေါ်လာ ၁၅၃ သန်းကျော်အထိ ဆုကြေး အမြင့်ဆုံးရထားတဲ့ တင်းနစ် ကစားသမား ဖြစ်ပြီး ကွင်းပြင်ပ ဝင်ငွေ ဒေါ်လာ ၃၃.၄ သန်း ရှိပါတယ်။ ဂျိုကိုဗစ်ရဲ့ စပွန်ဆာတွေထဲမှာ Lacoste, Head, NetJets, Seiko Watch Corporation, ASICS, Peugeot တို့လည်း ပါဝင်ပါတယ်။
(၅) ကိုင် နီရှီ ကိုအီ
Photo : skysports
ကွင်းပြင်ပ ကမ္ဘာ့ကြေးအမြင့်ဆုံး တင်းနစ် ကစားသမား တွေထဲမှာ ဂျပန်ကစားသမား ကိုင် နီရှိကိုအီလည်း ပါဝင်လာပါတယ်။ အသက် ၃၂ နှစ်အရွယ် ဒီ ကစားသမား ဟာ ATP Titles ၁၂ ခု ရထားပြီး ကစားသမား ဘဝ ဆုကြေး ဒေါ်လာ ၂၄ သန်း နဲ့ ကွင်းပြင်ပ ဝင်ငွေ ဒေါ်လာ ၂၅ သန်း ရှိပါတယ်။ နီရှိကိုအီဟာ UNIQLO, Asahi, NTT, Japan Airlines, Lixil, Procter & Gamble, Nissin စတဲ့ Brands တွေနဲ့လည်း စပွန်ဆာရထားပါတယ်။
Featured Photo : Time