တစ်ကိုယ်ရည် သန့်ရှင်းရေးဟာ အမျိုးသား၊ အမျိုးသမီးမရွေးအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ ဒါ့အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေး ဟာ ကျန်းမာရေးအတွက်သာမက ၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြတဲ့နေရာမှာလည်း တကယ်ကို အရေးပါပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ အမျိုးသားများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထား ဂရုပြုသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့ တစ်ကိုယ်ရည် သန့်ရှင်းရေး အတွက် လိုက်နာသင့်တဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။
သွားနဲ့ ခံတွင်း သန့်ရှင်းရေး

Photo : Caven Dental Group
ခံတွင်းကျန်းမာရေးသည် တစ်ကိုယ်ရည် သန့်ရှင်းရေး ရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သွားတိုက်ပြီး လျှာကိုလည်း အနည်းဆုံး တစ်နေ့တစ်ကြိမ် ပွတ်တိုက်ပေးသင့်ပါတယ်။ လူတော်တော်များများက ပုံမှန်သွားတိုက်သော်လည်း လျှာကို တိုက်ရန်မေ့နေတတ် ကြပါတယ်။ လျှာကို ကောင်းစွာ မသန့်စင်ပါက ခံတွင်းထဲတွင် ရှိသော ဘက်တီးရီးယားများ လျှာတွင် စုပုံစေပါတယ်။ ထို့သို့ စုပုံလာခြင်းက ခံတွင်းနံ့ဆိုးထွက်ခြင်းနဲ့ အခြားသောကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
ဆံပင် သန့်ရှင်းရေး

Photo : Pete & Pedro
လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုသားတို့ အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး မှာ ဆံပင်နဲ့ မုတ်ဆိတ်မွှေးများကို သပ်ရပ် သန့်ရှင်းစွာ ထားဖို့ အရေးကြီးပါတယ်။ ဦးခေါင်းကိုလည်း ပုံမှန်လျှော်ပြီး အနံ့အသက်မထွက်စေဖို့ ဂရုပြုသင့်ပါတယ်။ ဒါ့အပြင် ချိုင်းမွှေးနဲ့ ဆီးစပ်ရှိ အမွှေးအမျှင်များကိုလည်း သန့်ရှင်းစွာ ညှပ်ထားပါ။
မျက်နှာ

Photo : Pond5
အမျိုးသားများလည်း မျက်နှာအသားအရေကို ဂရုစိုက်သင့်ပါတယ်။ မျက်နှာသစ်ရာမှာ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည် စသည်တို့နဲ့ မသစ်ပါနဲ့။ ၎င်းတို့က အရေပြားတွင် မရှိမဖြစ်လိုအပ်သော အစိုဓာတ်ကို ဖယ်ထုတ်ပြီး မျက်နှာရဲ့ သဘာဝ pH မျှတမှုကို ထိခိုက်စေပြီး ယားယံကာ ခြောက်သွေ့စေသောကြောင့် မျက်နှာကို မသုံးပါနှင့်။ ကွီးတို့ မျက်နှာအသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပြီး တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ် မျက်နှာသစ်ပေးပါ။ ထို့နောက် အစိုဓာတ်ထိန်းခရင်မ်ကိုလည်း လိမ်းပေးဖို့ မမေ့ပါနဲ့။
ပုံမှန် ရေချိုးသန့်စင်ပါ

Photo : Godfather Style
တစ်နေ့လျှင် တစ်ကြိမ် အနည်းဆုံးရေချိုး ဖို့လိုပါတယ်။ ဒါမှသာ ကွီးတို့အနေနဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို လန်းဆန်းစေမှာပါ။ ရေချိုးတဲ့အခါမှာလည်း ခန္ဓာကိုယ်ကို သေချာသန့်စင်ဖို့ လိုပါတယ်။ ဒါမှသာ အနံ့အသက် ကင်းရှင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Workout လုပ်တဲ့ ကွီးတို့အနေနဲ့လည်း Workout လုပ်ပြီးတိုင်း ရေချိုးဖို့ မနှောင့်နှေးပါစေနဲ့။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ချွေးထွက်ခြင်းကြောင့် ချွေးပေါက်အတွင်းရှိ အဆီများနှင့် အရေပြားဆဲလ်သေများကို ပိတ်ဆို့စေကာ မျက်နှာပေါ်တွင်သာမက ကျော၊ လက်မောင်းနှင့် ခြေထောက်တို့တွင်လည်း ဝက်ခြံ ပေါက်စေနိုင်ပါတယ်။
ခန္ဓာကိုယ် အောက်ပိုင်းနေရာကို ခြောက်သွေ့အောင်ထားပါ

Photo : SPY
အမျိုးသားတို့ အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး မှာ မျိုးပွားအင်္ဂါတစ်ဝိုက်ကိုလည်း မေ့မထားသင့်ပါဘူး။ ပေါင်ခြံကဲ့သို့သော နေရာများမှာ များသောအားဖြင့် ပူနွေး စိုစွတ်နေလျှင် ဘတ်တီးရီးယားများပေါက်ဖွားရန် အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။ ဘတ်တီးရီးယားပိုးများ ရှိနေခြင်းကြောင့် အနံ့ဆိုးများ နှင့် အရေပြား ပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထိုနေရာတစ်ဝိုက်ကို ညင်သာစွာ ပုံမှန်ဆေးကြောပြီး သေချာခြောက်သွေ့အောင်ထားပါ။ အရမ်းကျပ်သော အတွင်းခံများအစား ပေါ့ပါးချောင်ချိသော အတွင်းခံများကိုသာ ဝတ်ဆင်ပါ။
အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားတို့ တစ်ကိုယ်ရည် သန့်ရှင်းရေး အတွက် လိုက်နာရမဲ့ အချက်များပဲ ဖြစ်ပါတယ်။ ဒီအချက်များက ကွီးတို့ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်သာမက ကျန်းမာရေးအတွက်ပါ အထောက်အကူပြုစေတာကြောင့် သေချာလိုက်နာဖို့ လိုအပ်ပါတယ်။
Source : The Economics Time
Featured Photo : Fashionterest
