မျှော်လင့်မထားတဲ့ ကံဆိုးမှုတွေနဲ့ အဆင်မပြေတဲ့ တနေ့တာကို လူတိုင်းကြုံဖူးကြမှာပါ။ ဘဝဆိုတာ ပျော်တလှည့် ၊ မပျော်တလှည့် ၊ အနိမ့်အမြင့်အတက်အကျတလှည့် အမြဲရှိစမြဲမို့ ဒါဟာလူတိုင်းကြုံတွေ့ရမယ့် ဓမ္မတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအဆင်မပြေမှုတွေကြုံရတဲ့အခါ တနေ့တာကို လောင်မြိုက်ခြင်းများစွာ ဖြတ်သန်းကုန်ဆုံးပစ်လိုက်ဖို့တော့ မသင့်ပါဘူး။ သင်ကိုယ်တိုင် ပြောင်းလဲလို့ရတဲ့ အရာလေးတွေနဲ့ အဆိုးထဲကအကောင်းကို ရှာဖွေပြီး စိတ်သက်သာရာရမှုတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာမှအဆင်မပြေတဲ့ တနေ့တာကို ပြောင်းပြန် ပြန်လည်ပြောင်းလဲပစ်နိုင်ဖို့ သင်လုပ်ရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကောင်းတာလေးတွေ များများတွေးပေးပါ

Positive Mindset

Photo : Forbes

စိတ်ထားတက်ဖို့က အခြေအနေအားလုံးအတွက် အရမ်းကိုအရေးပါပါတယ်။ အဆိုးတွေကြုံနေရချိန်မှာတောင် ကောင်းကွက်လေးတွေရှာကြံ တွေးတောတက်ရင် အနည်းဆုံးတော့ စိတ်သက်သာရာ ရစေမှာပါ။ အခြေအနေတိုင်းမှာ အဆိုးတွေကြီးပဲ ဖြစ်နေမှာတော့ မဟုတ်ဘူးဆိုတာကို လက်ခံထားဖို့ လိုပါတယ်။ ကောင်းတာလေးတွေ များများတွေးပြီး စိတ်ကိုပြောင်းလဲပေးမယ်ဆိုရင် ထင်သလောက်မဆိုးတော့တဲ့ ခံစားချက်ကို ရလာစေမှာပါ။

(၂) ကျေးဇူးတင်စရာလေးတွေရှာပါ

In Times of Stress

Photo : Inc. Magazine

တစ်ရက်တာ ကောင်းမွန်စွာ နိုးထလာနိုင်ခြင်းဟာလည်း ကျေးဇူးတင်စရာပါပဲ။ အခက်အခဲတွေများစွာကို ကျော်ဖြတ်ပြီး ဒီနေ့အချိန်ထိ ရှင်သန်ရပ်တည်နေနိုင်သေးတဲ့ သင့်ကိုသင်လည်း ကျေးဇူးတင်သင့်ပါတယ်။ ကျွန်တော်တို့ ဘဝထဲမှာ ဒီလို ကျေးဇူးတင်ဖို့ကောင်းတဲ့ အရာလေးတွေ အများကြီး ရှိနေပါသေးတယ်။ အဆင်မပြေတဲ့ တစ်နေ့တာကို ဖြတ်သန်းရတဲ့အခါ ကျွန်တော်တို့ ဘဝထဲက ကောင်းတဲ့အရာလေးတွေ ၊ ကျေးဇူးတင်စရာလေးတွေကို ရှာကြံတွေးတောပေးတာဟာ စိတ်သက်သာရာရစေသလို အကောင်းမြင်စိတ်လည်း ပိုမိုနိုးကြားလာပါလိမ့်မယ်။

(၃) သေးသေးလေးတွေကနေ စလုပ်ပါ

Man With Hand on Temple Looking at Laptop

Photo : Pexels

ဘာမှအဆင်မပြေဘူးလို့ ခံစားရတဲ့အခါ ဘာမှလည်းလုပ်ချင်ကိုင်ချင်စိတ် ရှိနေမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လုပ်စရာရှိတာတွေကို အကုန်ပစ်ချပြီး ဒီတိုင်းပဲ ဆက်မြောနေလို့လည်း မရပြန်ဘူး မဟုတ်လား။ အရာအားလုံးဟာ အခိုက်အတန့်ပဲဆိုတာကို နားလည်လက်ခံထားဖို့ အရေးကြီးပါတယ်။ ခံစားချက်နောက်လိုက်ပြီး ဘာမှဆက်မလုပ်ပဲ နေမယ်ဆိုရင် သင်ဟာ ရှေ့ကိုဆက်ပြီးရောက်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင်လုပ်နိုင်တဲ့ အရာသေးသေးလေးတွေကနေစတင်ပြီး လုပ်သွားပါ။ ဒါဟာ အဆင်မပြေမှုနွံထဲကနေ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်ကယ်တင်ခြင်း နည်းလမ်းတစ်ခုပါပဲ။

(၄) မိသားစု/သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ

Photo : CNN

ပြဿနာတိုင်းကို တစ်ယောက်တည်းဖြေရှင်းဖို့ ခက်နေတဲ့ အချိန်တွေရှိတက်ပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကြုံနေတဲ့ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ မိသားစုဝင် ၊ ရင်းနှီးရတဲ့ မိတ်ဆွေသူငယ်ချင်းတွေက ကူညီကောင်း ကူညီနိုင်မှာပါ။ မိသားစု/သူငယ်ချင်းတွေနဲ့ တိုင်ပင်တာဟာ ကျွန်တော်တို့ မတွေးမိတဲ့ အကြံဉာဏ်ကောင်းတွေကို ရစေနိုင်သလို အနည်းဆုံး ရင်ဖွင့် ပြောပြခွင့်ရတဲ့အတွက် စိတ်ထဲမှာပေါ့ပါးသွားတဲ့ ခံစားချက်ကို ရစေမှာ ဖြစ်ပါတယ်။

Featured Photo : Wired For Happy