လူတိုင်းကတော့ စိတ်ညစ်မှုတွေကို ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြေဖျောက်နေကြ ရတာပါပဲ။ ကွီးတို့က ကိုယ့်ရဲ့ အဆင်မပြေမှုတွေ ၊ စိတ်ညစ်စရာတွေကို ရင်ဖွင့်ပြောပြလို့ရမယ့် ချစ်သူလေးလည်း မရှိဘူးဆိုရင်တော့ ချိုမြိန်ပြင်းရှတဲ့ အချစ်ဇာတ်ကား ကောင်းလေးတွေ ကြည့်ပြီးသာ စိတ်ညစ်မှုတွေကို ကျော်လွှားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီဆောင်းပါးမှာတော့ စိတ်ညစ်စရာတွေနဲ့ တစ်ယောက်တည်း မွန်းကြပ်နေတဲ့ ကွီးတို့အတွက် စိတ်ညစ်မှုတွေကနေ ခဏတာ မေ့ပျောက်သွားနိုင်မယ့် ရုပ်ရှင်ဇာတ်ကား ကောင်းလေးတွေကို မျှဝေပေးပါမယ်။

(၁) Her (2013)

Source : Rotten Tomatoes Trailers

နည်းပညာခေတ်မှာ AI တွေက လူသားတွေရဲ့ နေ့စဉ်ဘဝကို ပိုမိုလွယ်ကူအဆင်ပြေအောင် ကူညီပေးနိုင်ရုံမကပဲ လူသားတွေရဲ့ နှလုံးသားကိုပါ သိမ်းပိုက်နိုင်နေပြီလားလို့ မေးခွန်းထုတ်စရာပါ။ Her (2013) ဇာတ်ကားလေးကတော့ AI ကိုမှ ချစ်မိသွား လူသားတစ်ယောက်ရဲ့ အချစ်ကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ကွီးတို့ ပုံမှန်ကြည့်ဖူးနေကြ အချစ်ဇာတ်ကား မျိုး မဟုတ်တာကြောင့် မတူညီတဲ့ ရသအသစ်တွေကို ခံစားချင်တယ်ဆိုရင် မြည်းစမ်းကြည့်လိုက်ပါဦး။

(၂) Scott Pilgrim vs. the World (2010)

Source : Universal Pictures

အချစ်အတွက်ဆို ရန်သူတစ်ထောင် တိုက်ရဲတယ်ဆိုတာဟာ စကားသပ်သပ်တော့ မဟုတ်ပါဘူး။ တကယ့်လက်တွေ့ဘဝမှာလည်း အချစ်ကြောင့် တိုက်ပွဲဝင်နေကြရတဲ့ အချစ်သူရဲကောင်းကြီးတွေ အများကြီး ရှိနေပါတယ်။ ဒီဇာတ်ကားလေးက ကောင်မလေးရဲ့ အချစ်ကိုရဖို့ သူမရဲ့ ရည်းစားဟောင်းတွေနဲ့ စစ်ခင်းရတဲ့ ရုပ်ရှင်ပါ။ အူကြောင်ကြောင်နိုင်တဲ့ ရယ်စရာ အဖြစ်အပျက်တွေ မြင်တွေ့ရမှာဖြစ်သလို တစ်ချိန်တည်းမှာပဲ ချိုမြိန်လှတဲ့ အချစ်ရဲ့ ရသကို ခံစားနိုင်မယ့် အချစ်ဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။

(၃) I Love You, Man (2009)

 

Source : Rotten Tomatoes Classic Trailers

စာရေးသူတို့ဘဝမှာ ခင်မင်ရတဲ့ ရင်ဘတ်ချင်းအနီးဆုံး ဘော်ဒါတစ်ယောက်တော့ အနည်းဆုံး ရှိကြတယ်မလား။ ဒီဇာတ်ကားလေးကို ကြည့်ရင်း ကွီးတို့ အချစ်ဆုံး ဘော်ဒါတစ်ယောက်ကို ခေါင်းထဲတန်းစဉ်းစားမိမှာ အသေအချာပါပဲ။ I Love You, Man ဇာတ်ကားလေးက သတို့သားအရံ လုပ်ပေးဖို့ ယောကျာ်းလေး ဘော်ဒါတစ်ယောက် ရှာပုံတော် ဖွင့်ရင်းကနေ ရင်ဘတ်ချင်းအနီးဆုံး ဘော်ဒါတစ်ယောက် ရလိုက်တဲ့ ဇာတ်အိမ်ကို တည်ထားတာပါ။ ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာ တင်မကပါဘူး။ ဘော်ဒါတွေကြားက ခင်မင်ရင်းနှီးမှု သံယောဇဉ်တွေကိုပါ အကောင်းဆုံး တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

(၄) The Big Sick (2017)

Source : Rotten Tomatoes Trailers

မတူညီတဲ့ အရာနှစ်ခုကို ပေါင်းစပ်တဲ့အခါ ပြဿနာတွေဆိုတာ ရှိစမြဲပါ။ အထူးသဖြင့် ဘာသာမတူ ၊ လူမျိုးမတူတဲ့ လူနှစ်ဦးကြား ဆက်ဆံရေးတစ်ခု တည်ဆောက်ချိန်တွေမှာဆို ပိုဆိုးပါတယ်။ The Big Sick ဇာတ်ကားလေးကတော့ ဘာသာရေး အယူဝါဒ အစွဲထားတဲ့ ပါကစ္စတန် နိုင်ငံသားလေးနဲ့ အမေရိကန်သူလေးတို့ကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ လူမျိုးဘာသာ မတူညီသူ နှစ်ယောက်ရဲ့ အချစ်တစ်ခုနောက်မှာ နောက်ဆက်တွဲ ကြုံရတဲ့ ပြဿနာတွေ ၊ အခက်အခဲတွေကို ခံစားကြည့်ရှုရမယ့် အချစ်ဇာတ်ကား လေး ဖြစ်ပါတယ်။

Source : Collider  

Featured Photo : Prime Video: The Big Sick