အဲဗာတန် အသင်းဟာ ဗုဒ္ဓဟူးနေ့ညက တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဘဝတူ ဘန်လေအသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။
Photo: Digismak.com
လမ်းပတ်ရဲ့ အသင်းဟာ ပထမပိုင်း ၁၂ မိနစ်မှာပဲ ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း ရစ်ချာလီဆန်ရဲ့ ပင်နယ်တီ သွင်းဂိုး ၂ ဂိုးကြောင့် ၂-၁ နဲ့ ပထမပိုင်းအပြီးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဦးဆောင်နိုင်မှုက သိပ်ကြာကြာတော့ မခံခဲ့ဘဲ ဘန်လေတိုက်စစ်မှူး ဂျေး ရိုဒရီဂွက်ဇ်က ဘန်လေအသင်း ပြန်လာနိုင်ဖို့အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး မက်စ်ဝဲလ် ကောနတ်က ဒီရာသီရဲ့ အရေးအပါဆုံးနိုင်ပွဲတွေထဲက တစ်ပွဲ ရရှိနိုင်စေမယ့် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့အတွက် ဒီထက်ပိုပြီး ရမှတ်တွေ ထပ်ပြီး လျော့ကျခံလို့မရတာ့ပေမယ့်လည်း လမ်းပတ်ရဲ့အသင်းဟာ ၂၀၂၁-၂၀၂၂ ရာသီ လက်ကျန်ပွဲစဉ်တွေမှာ တော်တော်လေးကို ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညနေက ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ ဘန်လေကို ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် အဲဗာတန်အသင်းဟာ လာမယ့်အပတ်တွေမှာ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်ရေးအတွက် ကျားကုတ်ကျားခဲကြိုးပမ်းသွားရတော့မှာဖြစ်ပါတယ်။
Photo: Yahoo Sports
လာမယ့်စနေနေ့မှာ အဲဗာတန် အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ ၎င်းတို့အနေနဲ့ ရှင်သန်ကျန်ရစ်ဖို့အတွက် အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။ အဲဒီပွဲအပြီး ၁၁ ရက်အကြာမှာ လမ်းပတ်ရဲ့ အဲဗာတန်ဟာ လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အဖြစ် အန်းဖီးမှာ လီဗာပူးလ်နဲ့ သွားရောက်တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။
ချဲလ်ဆီး(အိမ်)၊ လက်စတာစီးတီး(အဝေး)၊ ဘရန့်တ်ဖို့ဒ်(အိမ်)၊ အာဆင်နယ်(အဝေး)တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်တွေအပြင် လာမယ့်အပတ်တွေမှာ ခရစ္စတယ်ပဲလေ့စ်(အိမ်)၊ ဝက်ဖို့ဒ်(အဝေး)တို့နဲ့ ကစားသွားရဖို့လည်း ရှိနေတာကြောင့် လမ်းပတ်ရဲ့ အဲဗာတန်ကို လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ နောက်ထပ် မြင်တွေ့ရနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရုံသာ ကျန်တော့တာဖြစ်ပါတယ်။
Featured Photo: Sportbible