သောမတ်စ် တူချယ် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် မိန့်ဇ် အားကစားဒါရိုက်တာ ခရစ္စတီယန်က ချဲလ်ဆီးအသင်းပိုင်ရှင်ဖြစ်သူ ဘိုလီကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်ဘိုလီက အသက် ၄၉ နှစ်အရွယ် ဂျာမန်သားနည်းပြနဲ့ လမ်းခွဲဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာပဲ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို တူချယ်နေရာမှာ အစားထိုးခန့်အပ်ခဲ့ပါတယ်။
Photo : WION
တူချယ်နဲ့အတူ လက်တွဲခဲ့ဖူးတဲ့ မိန့်ဇ် အားကစားဒါရိုက်တာ ခရစ္စတီယန်က ဘိုလီကို ဘောလုံးအကြောင်းမသိဘူးလို့ ပြောကြားခဲ့ပြီး ဒီဆုံးဖြတ်ချက်အတွက် အကြီးအကျယ်နောင်တရလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
“ဒါဟာ ရင်းနှီးမြုပ်နှံသူရဲ့ ဆုံးဖြတ်ချက်သက်သက်သာ ဖြစ်တယ်။ ဘောလုံးအကြောင်းအသိတဲ့ သူတစ်ယောက်အတွက် အဆင့် ၆ နေရာက မလုံလောက်ဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါဆို ဒီလို ၆ ပွဲပဲ ကစားပြီးတဲ့ အနေအထားကို တခြားနည်းပြတစ်ယောက်နဲ့ စမ်းကြည့်ပါလား”
“ကျွန်တော်ကတော့ တခြားအကြောင်းပြချက်ကို စဉ်းစားလို့ကို မရဘူး။ ဒါပေမယ့် ချဲလ်ဆီးအသင်းကတော့ ဒီဆုံးဖြတ်ချက်အတွက် ခါးခါးသီးသီး နောင်တရပါလိမ့်မယ်။ သူတို့က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ နည်းပြကောင်းတစ်ယောက် ထပ်ရလာနိုင်မှာ မဟုတ်ပါဘူး” လို့
ခရစ္စတီယန်က ပြောကြားခဲ့ပါတယ်။
တူချယ်ဟာ နည်းပြဟောင်း ဖရန့်လမ်းပတ်နေရာမှာ အစားဝင်ရောက်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာ ၁၈ လကြာဖြတ်သန်းခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။
Photo : TEAMtalk
တူချယ်ကို ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ်က ခန့်အပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလထဲမှာ အသင်းကို လွှဲပြောင်းယူခဲ့တဲ့ ဘိုလီက နည်းပြသစ်ကို ခန့်အပ်ဖို့ အလျင်အမြန် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန်နည်းပြဟောင်း ပေါ်တာကတော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၅ နှစ်စာချုပ် ချုပ်ဆိုထားပြီး ချဲလ်ဆီးအသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ထိပ်ဆုံး ၄ နေရာကို ဝင်ဖို့မျှော်မှန်းထားကာ အသက် ၄၇ နှစ်အရွယ် နည်းပြအသစ်အတွက်လည်း အသင်းမှာအခြေကျဖို့ အချိန်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ၃ ပွဲနိုင် ၊ ၁ ပွဲသရေ နဲ့ ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။
Featured Photo : Goal.com