အမြင်အာရုံကို ပေးစွမ်းနိုင်တဲ့ ကျွန်တော်တို့ရဲ့ မျက်လုံးလေးများက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒါ့အပြင် မျက်လုံးများက ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ အထိခိုက်မခံနိုင်ဆုံး အင်္ဂါများထဲက တစ်ခုဖြစ်ပြီး အမြင်အာရုံကို ထိန်းထားနိုင်ရန် အမျိုးမျိုးသော ဖွဲ့စည်းပုံများဖြင့် ပေါင်းစပ်လုပ်ဆောင်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်အာရုံက ရှုတ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် ထိုမျက်လုံးလေးတွေကို ဂရုစိုက်ဖို့ လိုပါတယ်။ ဒါ့အပြင် စူးရှ တောက်ပတဲ့ မျက်ဝန်း တစ်စုံကို ပိုင်ဆိုင်ဖို့ဆိုရင် မျက်လုံးလေးတွေ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ မျက်လုံးလေးတွေ ကျန်းမာနေပြီး ရေရှည်မှာလည်း အမြင်အာရုံကောင်းစေဖို့ လိုက်နာသင့်တဲ့ အကြံပြုချက်လေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ
Photo : FMT
မျက်လုံးလေးတွေ ကျန်းမာနေဖို့ ဆိုရင် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကလည်း အရေးပါပါတယ်။ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုဖို့အတွက် အိုမီဂါ-၃၊ အရွက်စိမ်းများ၊ အခွံမာသီးများနှင့် အစေ့အဆန်များ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးပါ။ ထိုအစားအစာတွေက မျက်လုံးရဲ့ လုပ်ဆောင်ချက်နဲ့ ဖွဲ့စည်းပုံကို ကာကွယ်ပေးပါတယ်။
Screen Time ကို ကန့်သတ်လိုက်ပါ
Photo : ThedaCare
ယနေ့ခေတ်မှာ တိုးတက်လာတဲ့ နည်းပညာများနဲ့အတူ ဆိုရှယ်မီဒီယာအသုံးပြုမှုများကလည်း များပြားလာပါတယ်။ ဒါ့အပြင် လူကြီးလူငယ်မရွေး၊ ကလေးပါမကျန် Screen Time များခြင်းကြောင့် ဆိုးကျိုးတွေ ခံစားနေရတာလည်း ကွီးတို့အသိပါပဲ။ ဖုန်း သို့မဟုတ် ကွန်ပျုတာ Screen ကို အကြာကြီး ကြည့်တဲ့အခါမှာ မျက်လုံးညောင်းညာခြင်း၊ မျက်လုံးပင်ပန်းနွမ်းနယ်ခြင်းနှင့် အိပ်စက်ခြင်းကို ထိခိုက်စေခြင်း စတဲ့ ပြဿနာတွေကို အရင်ဆုံးကြုံတွေ့လာရမှာပါ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ Screen Time ကို ကန့်သတ်လိုက်ပြီး မျက်လုံးကို အနားပေးခြင်းဖြင့် မျက်လုံးထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။
နေကာမျက်မှန်ဝတ်ဆင်ပါ
Photo : Asterix Eyewear
နေကာမျက်မှန်တွေက ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးနိုင်ရုံသာမကပဲ အပြင်ထွက်တဲ့အခါတိုင်း နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည်များက ကြာရှည်စွာထိတွေ့မိပါက မျက်စိအတွင်းတိမ်ဖြစ်လာနိုင်ပြီး မျက်စိကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် နေပူထဲထွက်သည့်အခါတိုင်း နေကာမျက်မှန်ကို ဝတ်ဆင်ဖို့ မမေ့ပါနဲ့။
ဆေးလိပ်ဖြတ်ပါ
Photo : Madison Medical Associates
ကွီးတို့က ဆေးလိပ်သောက်တတ်သူများ ဖြစ်ပါသလား။ သိန်းငှက်လို စူးရှ တောက်ပတဲ့ မျက်ဝန်းတစ်စုံ လိုချင်ရင်တော့ ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းက အသက်အရွယ်နှင့်ဆိုင်သော မက်ကူလာယိုယွင်းခြင်း (AMD) ကဲ့သို့သော မျက်စိရောဂါများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအပါ်မှာလည်း ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ
Photo : Vista Create
ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ကျွန်တော်တို့ရဲ့ မျက်လုံးအတွက်သာမက အလုံးစုံသော ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ကိုယ်လက်လှုပ်ရှား တက်ကြွစွာနေထိုင်ခြင်းက နှလုံးသွေးကြောဆိုင်ရာ ပြဿနာများအပါအဝင် မျက်လုံးကို ထိခိုက်စေတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို လျော့နည်းစေနိုင်ပါတယ်။
ဆရာဝန်နဲ့ ပြသပါ
Photo : Family Focus Eyecare
ကွီးတို့အနေနဲ့ မျက်လုံးထိခိုက်မှု တစ်ခုခု သို့မဟုတ် အမြင်အာရုံမှာ မူမမှန်တာ တစ်ခုခုကို ကြုံတွေ့ရပါက မျက်စိအထူးကု သို့မဟုတ် ဆရာဝန်နဲ့ အမြန်ဆုံးပြသရန် လိုအပ်ပါတယ်။ ဒါ့အပြင် မျက်စိကို ပုံမှန်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ ပုံမှန်မျက်စိစမ်းသပ်ခြင်းဖြင့် ကွီးတို့ မျက်လုံးရဲ့ ပြောင်းလဲမှုမှန်သမျှကို ခြေရာခံနိုင်ပြီး လိုအပ်ပါက အမြင်အာရုံဆိုင်ရာပြဿနာများအတွက် ကြိုတင်သိရှိပြီး စောစီးစွာ ကုသမှုခံယူနိုင်ပါတယ်။
ကွီးတို့ရေ ကျန်းမာပြီး စူးရှ တောက်ပတဲ့ မျက်ဝန်း တစ်စုံကို ပိုင်ဆိုင်ချင်ရင်တော့ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို လိုက်နာဖို့ မမေ့နဲ့နော်။
Source : Oscar Wylee
Featured Photo : Unsplash