ရုပ်ရှင်ချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ဟော်လိဝုဒ် Horror ရုပ်ရှင်တွေထဲကတကယ်ကို ကျောချမ်းစရာကောင်းတဲ့ ကျွတ်ဆင်ဇာတ်ကားတွေကို ပိတ်ရက်မှာ ကြည့်နိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားတွေဟာ Ranking အရ ၂၁ ရာစုရဲ့ အကောင်းဆုံး သည်းထိတ်ရင်ဖို ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ တော်ရုံ ကြောက်ရတဲ့ ဇာတ်ကားလောက်နဲ့ တက်မလာနဲ့ ဆိုတဲ့ ကွီးတို့ကတော့ အခုပြောပြမယ့် ရုပ်ရှင်ကားတွေကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။
Under the Skin (2013)
Source : StudiocanalUK
နံပါတ် ၁ နေရာမှာတော့ Under the Skin (2013) ဇာတ်ကားက နေရာယူထားပါတယ်။ ပထမဆုံး ပြောရမယ့် အချက်ကတော့ ကွီးတို့ အချစ်တော် မမ Scarlett Johansson ရှယ်ကြမ်းထားတဲ့ ကားဖြစ်လို့ Horror ကြိုက်ကြိုက် မကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်ပါတယ်။ ဒီဇာတ်ကားက တော်တော်လေး Mystery ဆန်ပြီး နက်နဲရှုပ်ထွေးမှုတွေကြားက ကျောချမ်းရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Get Out (2017)
Source : Rotten Tomatoes Trailers
နံပါတ် ၂ နေရာမှာ ရှိနေတဲ့ အကောင်းဆုံး Horror ဇာတ်ကားကတော့ Get Out (2017) ဖြစ်ပါတယ်။ ဒီဇာတ်ကား ကြည့်ပြီးတာနဲ့ ကွီးတို့ ချစ်သူကောင်မလေးက သူ့မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ အိမ်အလည်ခေါ်ရင် ဖနောင့်နဲ့ တင်ပါး တသားတည်းကျတဲ့အထိ ပြေးချင်စိတ်ဖြစ်ရလောက်အောင် ထရော်မာ ရစေနိုင်ပါတယ်။ မူမမှန်တဲ့ ချစ်သူကောင်မလေးအိမ်မှာ လူမည်းကောင်လေးတစ်ယောက် ဘာတွေကြုံရမလဲဆိုတာတော့ ကွီးတို့ကပဲ Get Out (2017) ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ပါ။
Let the Right One In (2008)
Source : Rotten Tomatoes Classic Trailers
နံပါတ် ၃ နေရာမှာ ရှိနေတာကတော့ Let the Right One In (2008) ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ရုပ်ရှင်ဝေဖန်သူတွေကြားမှာ ချီးမွမ်းစကားသံတွေနဲ့အတူ ဆုတွေအများကြီး သိမ်းပိုက်ထားနိုင်တဲ့အထိ Horror ဇာတ်ကားကောင်း တစ်ကားပါ။ Horrorနဲ့ Romance ကို ရောစပ်ထားတဲ့ ဇာတ်ကားပုံစံဖြစ်ပြီး ကျောင်းမှာ ရွယ်တူတွေရဲ့ အနိုင်ကျင့်ခံ ၊ အနှိမ်ခံကောင်လေး တစ်ယောက်ရဲ့ပေါက်ကွဲထွက်လာတဲ့ တုန့်ပြန်မှုတွေကို ခြောက်ခြားဖွယ်ရာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။
The Babadook (2014)
Source : SHOWTIME
The Babadook (2014) ဇာတ်ကားကတော့ Ranking အရ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။ Horror/Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီး ထူးခြားဆန်းကြယ်ပြီး ခြောက်ခြားစရာကေကာင်းတဲ့ အဖြစ်အပျက်တွေဟာ သားဖြစ်သူကို ဖတ်ပြမိခဲ့တဲ့ အိပ်ရာဝင်ပုံပြင်စာအုပ်ကနေ စတင်လာတာပါ။ ဒီဇာတ်ကားက မိခင်နဲ့ သားဖြစ်သူကြားက ချစ်ခြင်းမေတ္တာနဲ့ ကျောချမ်းစရာကောင်းတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေကို အချိုးကျကျ ပေါင်းစပ်ဖန်တီးထားတဲ့ လက်ရာမြောက် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
Source : The Hollywood Reporter
Featured Photo : The Hollywood Reporter