အချစ်တစ်ခုတည်းနဲ့ ထာဝစဥ် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင် တစ်ခု တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ စချစ်တုန်းကတော့ မိုးမမြင် လေမမြင် ချစ်ခင်ကြပေမယ့် တဖြည်းဖြည်း အချစ်တွေ ကုန်သွားတဲ့အခါမှာတော့ အကွဲကွဲ အပြဲပြဲနဲ့ ပျက်စီးသွားကုန်ပါတယ်။ ဒီလိုမျိုး Relationship တစ်ခု ပြိုကွဲ ပျက်စီးသွားရတဲ့ အကြောင်းအရင်းများ အများကြီးရှိပါတယ်။ ကွီးတို့က ကိုယ့်ရဲ့ အိမ်ထောင်ရေးကို ထာဝစဥ် ခိုင်မြဲတဲ့ အိမ်ထောင် အဖြစ် တည်ဆောက်ချင်တယ်ဆိုရင် အချစ်အပြင် အခြားသော ပါဝင်ပစ္စည်းလေးတွေပါ ထပ်ပေါင်းထည့်ဖို့ လိုပါလိမ့်မယ်။
အချစ်အပြင် အခြား ပါဝင်ပစ္စည်းတွေက ဘာတွေ ဖြစ်မလဲ။
(၁) တစ်ယောက်နဲ့တစ်ယောက် လေးစားသမှု ထားရှိခြင်း
တစ်ချို့ယောကျာ်လေးတွေဟာ ယောကျာ်လေးဝါဒီကို စွဲကိုင်ထားကြပြီး ကျားမခွဲခြားဆက်ဆံခြင်းတွေ လုပ်တတ်ကြပါတယ်။ ငါကယောကျာ်းလေး ငါကအိမ်ထောင်အိမ်ဦးစီး စသည်ဖြင့် ဂုဏ်နာမတွေတက်ပြီး ကိုယ်ချစ်သူ ကြင်သူဇနီးအပေါ်မှာခွဲခြားဆက်ဆံခြင်းတွေလုပ်တက်ကြပါတယ်။ ဒီလိုခွဲခြားခြင်းတွေကို မိန်းကလေးတိုင်း မလိုလားကြပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှု ထားရှိခြင်းက ကွီးတို့ရဲ့ ထာဝစဥ် တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင် တစ်ခုကို ရရှိပိုင်ဆိုင်နိုင်စေပါတယ်။
(၂) တစ်ယောက်အပေါ် တစ်ယောက် ကြင်နာမှု ရှိခြင်း
အမျိုးသမီးတွေသည် အိမ်ထောင်သက် ဘယ်လောက်ပဲ ကြာလာပါစေ ကိုယ့်လင်ယောင်္ကျားဆီက ကြင်ကြင်နာနာ ဆက်ဆံမှု နွေးထွေးစွာပြောဆိုဆက်ဆံမှုတို့ကို အလွန်ပဲနှစ်သက်ခုန်မင် ကြပါတယ်။ စကားပြောဆိုတဲ့အခါ ကြင်ကြင်နာနာပြောဆိုတာ ကြင်ကြင်နာနာ ဂရုစိုက် ဆက်ဆံတာမျိုး လိုချင်ကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက် ကြင်ကြင်နာနာနဲ့ ဂရုစိုက်မယ်ဆိုရင် ထိုအိမ်ထောင်က ပြိုကွဲသွားစရာ အကြောင်းမရှိပါဘူး။
(၃) တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ထားရှိခြင်း
Relationship တိုင်းသည် ယုံကြည်မှုကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲနဲ့ အကြာကြီး ခံလေ့မရှိပါဘူး။ ယုံကြည်မှု တည်ဆောက်ဖို့က အချိန်အများကြီး ယူရပါတယ်။ ဒါပေမယ့် အနည်းငယ်သော နားလည်မှုလွဲခြင်း၊ အမှားလုပ်မိခြင်းတို့ကြောင့် လွယ်လွယ် ပျက်စီးနိုင်ပါတယ်။ လူတွေရဲ့ နှလုံးသားကို ယုံကြည်မှုနဲ့ သိမ်းပိုက်နိုင်သလို ယုံကြည်မှုနဲ့ဘဲ ကွဲကြေသွားအောင် ပြုလုပ်နိုင်ကြတယ်။ ကွီးတို့ရဲ့ အိမ်သူသက်ထားက ကွီးတို့ဆီကနေ အများကြီးမမျှော်လင့်ပါဘူး။ ရိုးသားပြီး ယုံကြည်ရတဲ့လူ တစ်ယောက်ဖြစ်ဖို့ဘဲ မျှော်လင့်တာပါ။
(၄) တစ်ယောက်တည်းကပဲ အလျော့ပေးနေရတာမျိုး မရှိခြင်း
ပိုချစ်တဲ့သူက အလျော့ပေးကြတယ်ဆိုတာ အားလုံး လက်ခံထားတဲ့ အခြေအနေတစ်ခုပါ။ သို့သော်လည်း လူတစ်ယောက်က အမြဲလိုလို အလျော့ပေးနေရမယ်၊ တစ်ဖက်ထဲကိုပဲ အလေးသာနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဒီအချစ်ရေး၊ အိမ်ထောင်ရေးကို လက်လျော့ချလာမိမှာ သေချာပါတယ်။ ကိုယ့်ချစ်သူကို၊ ကိုယ့်လက်တွဲဖော်ကို နိုင်လို့ရတယ် သူကအလျော့ပေးတာပဲ ဆိုရင်တောင် ကိုယ့်အနေနဲ့ အကန့်အသတ်လေးတစ်ခုတော့ ထားရှိဖို့ လိုအပ်ပါတယ်။ ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေအလျော့ပေးတိုင်း လုပ်ချင်တာလုပ်မယ်ဆိုရင် ပျော်စရာကောင်းတဲ့အချစ်ရေးတစ်ခု၊ အိမ်ထောင်ရေးတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်သလို အချိန်မရွေးလည်း ပြတ်တောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်းကပဲ အလျော့ပေးနေတာရမျိုးမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် သူလျော့လိုက် ကိုယ်လျော့လိုက်နဲ့ မလျော့မတင်း စောင်းကြိုးညှင်းမှသာလျှင် ထိုအိမ်ထောင်ရေးက ရေရှည်မှာ ပျော်ရွှင်စရာအတိပြီးမှာပဲဖြစ်ပါတယ်။
(၅) အငြိုးအတေးတွေ မထားရှိခြင်း
လင်နဲ့ မယား၊ လျှာနဲ့ သွား ဆိုသလိုပဲ တစ်ခါတစ်လေမှာတော့ စကားများ ရန်ဖြစ်ကြမှာပါပဲ။ စကားများ ရန်ဖြစ်တဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် စကားနာထိုးတာမျိုးတွေ မပြုလုပ်သင့်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်စေမယ့် စကားလုံးမျိုးတွေကို ပြောဆိုမိမယ်ဆိုရင် ထိုအိမ်ထောင်ရေးသည် ဆက်ကြောင်းလေးတွေနဲ့ တဖြည်းဖြည်း ပြိုကွဲပျက်စီးလာမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဆိုး ဒေါသထွက်နေတယ်ဆိုရင် အကောင်းဆုံးကတော့ အော်ကြီးဟစ်ကျယ်နဲ့ စကားမပြောသေးဘဲ အရင်ဦးဆုံး ကိုယ့်စိတ်ကို ငြိမ်သွားအောင် ထိန်းလိုက်ပါ။ ဒေါသတွေ ပြေသွားပြီဆိုမှ အဆင်မပြေဖြစ်ရတဲ့ကိစ္စကို ပြန်လည် ညှိနှိုင်းဆွေးနွေးရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒေါသကြောင့် တစ်ယောက်အပေါ် တစ်ယောက် အငြိုးအတေးထားတာမျိုးတွေ၊ စိတ်ထဲမှာ တေးထားတာမျိုးတွေကိုလည်း မလုပ်သင့်ပါဘူး။ ကွီးတို့ရဲ့ အိမ်ထောင်ရေးအတွက် အက်ကွဲကြောင်းလေးတွေ ဖြစ်လာနိုင်လို့ပါပဲ။
ကွီးတို့ရော ကိုယ့်ရဲ့ အိမ်ထောင်ရေးကို ထာဝစဥ် တည်တံ့ခိုင်မြဲအောင် ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။
Source: Lovepanky
Featured Image: Freepik