အချစ်ရေးတစ်ခုမှာ တစ်ဖက်လူရဲ့ စိုးမိုးထိန်းချုပ်ခြင်းကို ခံနေရပြီဆိုရင် ဒါဟာ အလံနီပြနေတဲ့ သဘောမှာ ရှိပါတယ်။ အချို့သူတွေက ချစ်တယ်ဆိုတဲ့ အကြောင်းပြချက် စကားလုံး လှလှလေးတွေနဲ့ ကိုယ့်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် အပြည့်အဝရောက်စေချင် ကြပါတယ်။ ထိန်းချုပ်ခံ အချစ်ဇုန်ထဲ ရောက်သွားတာနဲ့အမျှ ကွီးတို့အနေနဲ့ တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလာတယ်လို့ ခံစားရမှာဖြစ်ပြီး ပျော်ရွှင်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ သင်ဟာထိန်းချုပ်ခံ အချစ်ဇုန်ထဲမှာ ပိတ်မိနေပြီဆိုတာ သိနိုင်မယ့် Signs လေးတွေကို ပြောပြပေးပါမယ်။
(၁) သင့်အချိန်တွေ အားလုံးကို ပိုင်ချင်နေမယ်
Photo : LIFE 102.5
ချစ်သူစုံတွဲတိုင်းကတော့ ကိုယ့်ချစ်သူနဲ့အတူတူ အချိန်ကုန်ဆုံးရတာကို နှစ်သက်ကြတာပါပဲ။ သို့သော်လည်း သင့်ဘဝထဲက သင်ပိုင်ဆိုင်တဲ့ အချိန်တွေအားလုံးကို သူ့တစ်ယောက်တည်း အပေါ်ပဲ ပုံအပ်ထားစေချင်တယ် ၊ သူကလွဲပြီး တခြားမိတ်ဆွေသူငယ်ချင်း / မိသားစုတွေအပေါ် အချိန်ပေးတာမျိုး မလိုလားဘူး ၊ တခြားအရာတွေအတွက် အချိန်ပေးရင် သင့်ကို ပြဿနာရှာမယ် ၊ သင့်မှာ ကိုယ်ပိုင်အချိန်ဆိုတာ မရှိတဲ့အထိ ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ သင့်ဘဝကို တစ်နည်းတစ်ဖုံ ထိန်းချုပ်ခြယ်လှယ် ဖို့အတွက် ကြိုးစားနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
(၂) သင့်အပေါ်အခြေခံ ယုံကြည်မှု ကင်းမဲ့နေမယ်
Photo : Verywell Mind
Relationship တစ်ခုမှာ ယုံကြည်မှုက အရေးကြီးပါတယ်။ သို့သော်လည်း အချိန်နဲ့အမျှ သင်ဘယ်ရောက်နေတယ် ၊ ဘာလုပ်နေတယ်ဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဘာလုပ်လုပ် အသိပေးနေစေချင်တယ် ၊ မအားမလပ်လို့ ပျက်ကွက်မိတယ်ဆိုရင်တောင် သူ့ကို လျစ်လျူရှုတယ် ဒါမှမဟုတ် ဒီအချစ်ရေးမှာ ရင်းနှီးမြုပ်နှံခြင်း မရှိဘူးလို့ သင့်ကို အပြစ်တင်နေတယ်ဆိုရင်တော့ သင့်အပေါ် လုံးဝယုံကြည်မှု ၊ နားလည်မှုမရှိတဲ့ သဘောကို ပြသနေတာပါ။ ဒါဟာ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုတစ်ခု ဖြစ်ရုံသာမကဘဲ Relationship အပေါ် အခြေခံယုံကြည်မှု ကင်းမဲ့နေတယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ အချိန်ကြာလာတာနဲ့ သင်ဟာ ဘာလုပ်လုပ် သူ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီး သင့်တို့ ဆက်ဆံရေးမှာ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
(၃) သင့်ဘဝထဲက အရာအားလုံး ဆုံးဖြတ်ပေးနေမယ်
Photo : LinkedIn
သင့်ဘဝထဲက အရေးကြီးဆုံး ကိစ္စတွေကစလို့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေအဆုံး ဘာလုပ်လုပ် အာဏာရှင်ဆန်ပြီး အရာအားလုံးကို သင့်အတွက် ဆုံးဖြတ်ချက်တွေ ချပေးနေမယ်။ ဘယ်အရာကိုမှ သင်ကိုယ်တိုင် မှန်မှန်ကန်ကန် မလုပ်နိုင်ဘူးလို့ ယုံကြည်ထားပြီး သင့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို သူ့အနေနဲ့ အားလုံးစုံ ဝင်ရောက်ထိန်းချုပ်နေမယ်။ သင့်ရဲ့ဆန္ဒတွေ ဒါမှမဟုတ် ထင်မြင်ချက်တွေကို ဂရုမစိုက်ဘဲ သူ့ရဲ့ဆုံးဖြတ်ချက် ၊ အတွေးတွေကသာ အမှန်လို့ တယူသန် ထင်မြင်လက်ခံထားတယ်ဆိုရင် ဒီလိုလူနဲ့ ဆက်နေချင်သလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် အချိန်ရောက်ပြီလို့ သတိပေးချင်ပါတယ်။
(၄) သင်မှားပြီး အမြဲတမ်း သူမှန်တယ်လို့ လက်ခံထားမယ်
Photo : iMOM
ထိန်းချုပ်ချင်တဲ့ ချစ်သူတိုင်းဟာ အမြဲတမ်း ဘယ်လိုအခြေအနေမှာမဆို သူမှန်တယ်လို့ လက်ခံထားတက်ပါတယ်။ အတွေးအခေါ် ၊ အယူအဆ ကွဲလွဲမှုတွေ ရှိလာသည်တိုင်အောင် သင့်ဘက်ကို မတွေးပေးပဲ ဘာလုပ်လုပ် သူမှန်တယ် ၊ သူ့စကား သူ့လုပ်ရပ်တွေကသာ အမှန်လို့ တယူသန် ဆုံးဖြတ်မယ်။ သင်နဲ့ ဆွေးနွေးညှိနှိုင်းတာ မရှိဘူး ၊ အလျော့ပေးခြင်းမရှိသလို အမှားတိုင်းဟာ သူဖြစ်တယ်လို့ လက်ခံထားမယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေတယ်ဆိုရင်တော့ အဆိုးဆုံး အလံနီတစ်ယောက်နဲ့ သင်ပတ်သတ်ဆက်ဆံနေမိပြီဆိုတာ သိလိုက်ပါ။ ဒီလိုလူတွေက အပြစ်ကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်သလို တာဝန်ယူမှုမရှိပဲ အမှားကိုလည်း ဝန်ချတောင်းပန်မှာ မဟုတ်ပါဘူး။
ဒီအချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင်ဟာ ထိန်းချုပ်ခံ အချစ်ဇုန် ထဲမှာ ပိတ်မိနေပါပြီ။ အမြန်ဆုံး လွှတ်မြောက်အောင် ရုန်းထွက်ပါလို့ အကြံပေးချင်ပါတယ်။
Source : Momjunction
Featured Photo : Wedding Wire