မိုဟာမက် ဆာလာ ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကို ကုသဖို့အတွက် လီဗာပူးဆီ ပြန်လာမယ်လို့ နည်းပြယာဂင်ကလော့ပ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Mohamed Salah

Photo : Anfield Index

အီဂျစ်အသင်းတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဂါနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာအခြေအနေကြောင့် ကိတ်ဗာဒီနဲ့ ရင်ဆိုင်ရမယ့် အီဂျစ်ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မှာဖြစ်သလို ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင်လည်း အဆိုပါ ပွဲစဉ်ကိုပါ ထပ်မံ လွဲချော်မှာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်ကတော့ အီဂျစ်အသင်း ကွာတားဖိုင်နယ်တက်ပြီး ဆာလာအနေနဲ့လည်း ဆေးကုသမှုကောင်းကောင်းခံယူကာ ဒဏ်ရာအခြေအနေ ပြန်လည်သက်သာမှသာ အာဖရိကဖလားပြိုင်ပွဲဆီ ပြန်လည်စေလွှတ်ပေးမှာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ဘုန်းမောက်ကို ၄ – ၀ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

” ဒါက အစီအစဉ်အတိုင်းပါပဲ။ ကျွန်တော်တို့နဲ့အတူ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေတယ်ဟာ အဓိပ္ပါယ်ရှိတယ်လို့ လူတိုင်မြင်ပေးလို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ ဆာလာ ပြန်လာနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်ပြီး ” တကယ်လို့ သူသာ ဖိုင်နယ်မတိုင်ခင်မှာ ကြံ့ခိုင်နေမယ်ဆိုရင် ပြန်လာနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဆာလာ ကတော့ အစောပိုင်းက မီဒီယာတွေကို သူ့ရဲ့ဒဏ်ရာအကြောင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ” ကျွန်တော် ဒီမှာရှိရတာ ပျော်ပါတယ်။ ကျွန်တော့် ဒဏ်ရာကရှိနေသေးတယ်ဆိုပေမယ့် အရေးကြီးဆုံးက ကစားပွဲအကြောင်းပြောဖို့ပါ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေနဲ့ ကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ဖို့ပဲလိုတာပါ”

Mohamed Salah

Photo : TimesLIVE

“ကျွန်​​တော်​တို့မှာ အကောင်းဆုံး ကစားသမား​တွေ ရှိပါတယ်​။ သူတို့က အီဂျစ်​ရဲ့ အ​ကောင်းဆုံး ကစားသမားအယောက် ၂၀ ဖြစ်​တဲ့အတွက်​ ကျွန်​​တော်​တို့ရဲ့ ကစားပွဲကို သတ္တိရှိရှိ ယုံကြည်မှုအပြည့်နဲ့ ကစားမှာဖြစ်​ပြီး ကျွန်​​တော်​တို့ နိုင်​ပွဲရနိုင်​မယ်​လို့လည်း ယုံကြည်​ပါတယ်​”

” ကျွန်တော် အာဖရိကနိုင်ငံများဖလားကို အနိုင်ရချင်ပါတယ်။ ကျွန်တော် လီဗာပူးနဲ့ အောင်မြင်မှုတွေ ရနိုင်သမျှ ရယူနိုင်ခဲ့ပြီးပါပြီ။ ဒီတစ်ခုတော့ ကျန်နေပါသေးတယ်။ ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အောင်မြင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကြောင့် ဖြစ်လာမှာပါ။ အနှေးနဲ့အမြန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : Sky Sports