ဆိုရှယ်မီဒီယာပေါ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့အမာခံဖန်လို့ လူသိများတဲ့ Youtuber IShowSpeed ကတော့ ချဲလ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဘာကြီးကို ပေါက်ကရမေးခွန်းတစ်ခုနဲ့ ဖောက်စားလိုက် ပြန်ပါတယ်။ ဒရော့ဘာနဲ့ IShowSpeed တို့ ၂ ဦးဟာ ကာတာမှာ ပြုလုပ်ခဲ့တဲ့ ပရဟိတ ဘောလုံးပွဲ အတွင်းမှာ ဆုံခဲ့ကြတာပါ။

Didier Drogba

Photo : Daily Mail

ဒီပွဲမှာ အသက် ၄၅ နှစ်အရွယ် ချဲလ်ဆီးဂန္တဝင် ဒရော့ဘာကြီးနဲ့အတူ ဒေးဗစ်ဗီလာ ၊ အီဒင်ဟာဇက်နဲ့ ရောဘတ်တို ကားလို့စ် တို့လို ဒိတ်ဒိတ်ကြဲ ဘောလုံးဂန္ထဝင်ကြီးတွေ အများအပြား ပါဝင်အားဖြည့် ကစားပေးခဲ့ကြပါတယ်။

ပွဲအပြီးမှာတော့ IShowSpeed ဟာ ဒရော့ဘာကြီး အနားကပ်ပြီး အတည်ပေါက်နဲ့ ဖောက်စားတဲ့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ ဒါကတော့ ” ဒရော့ဘာက ပေါလ်ပေါ့ဂ်ဘာရဲ့ အဖေလား ? ” လို့ မေးလိုက်တာပါ။

” မဟုတ်ဘူး။ ကျွန်တော်က မူရင်း။ သူက မိတ္တူပါ။ အဲ့ဒါ ကျွန်တော့်ရဲ့ ညီတော်မောင်ပါပဲ ” လို့ ဒရော့ဘာကြီးက ရွတ်နောက်နောက် ပြန်ဖြေပေးခဲ့ပါတယ်။ ချဲလ်ဆီးဂန္တဝင်ရဲ့ ရယ်စရာကောင်းတဲ့ ဒီအဖြေအပေါ် ပရိသတ်တွေ အင်မတန် သဘောခွေ့နေကြပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း တော်တော်လေး ပွဲကျသွားခဲ့ပါတယ်။

kaka

Photo : All Football

အဆိုပါ ရန်ပုံငွေရှာတဲ့ ပရဟိတ ဘောလုံးပွဲအတွင်းမှာ IShowSpeed တစ်ယောက်လည်း ပါဝင်ကစားဖို့ ဖိတ်ခေါ်ခံခဲ့ရပြီး တစ်ပွဲလုံး အလွဲလွဲအချော်ချော်နဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင် စေခဲ့ပါတယ်။ ပွဲမစခင် ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးနဲ့လည်း စကားသွားပြောခဲ့ပြီး နည်းဗျူဟာတွေအကြောင်း ဆွေးနွေးခဲ့သလို သူ့ကို နည်းပြခန့်ဖို့ပါ တောင်းဆိုခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ ကံကောင်းစေဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးဂန္တဝင် ကားလို့စ်ရဲ့ ခေါင်းကိုလည်း သွားနမ်းလိုက်ပါသေးတယ်။

IShowSpeed ဟာ မကြာသေးခင်ကလည်း ဘရားဇီးဂန္တဝင် ရော်နယ်ဒိုနဲ့ သီးသန်တွေ့ဆုံ မေးမြန်းခန်းမှာ ” ခင်ဗျားက ရော်နယ်ဒိုရဲ့ အဖေလား ” လို့ သွားစားခဲ့ပါသေးတယ်။

Featured Photo : Daily Mail