လူတစ်ယောက်နဲ့တစ်ယောက် အောင်မြင် မှုရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပုံချင်း မတူကြပါဘူး။ အောင်မြင်မှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် နားလည်လက်ခံကြပုံချင်း မတူကြသလို ဘဝမှာ အောင်မြင်အောင် ကြိုးစားကြပုံချင်းလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုရဖို့ ဘယ်အရာတွေက အရေးကြီးလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ် သိရှိနားလည်ဖို့က နံပါတ်တစ် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ အောင်မြင်မှုကို ဟန့်တားနေတဲ့ အတားအဆီးတွေကိုလည်း သဘောပေါက် နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ဘဝထဲက အောင်မြင်မှုကို တားဆီးနေတဲ့ အဟန့်အတားတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) အသက်အရွယ်ကို ကန့်သတ်နေလို့

 failure

Photo : Inc. Magazine

လူတော်တော်များများ ဘဝအောင်မြင်ရေးနဲ့ ပတ်သတ်လာရင် အသက်အရွယ်ကို အဟန့်အတား တစ်ခုအဖြစ်နဲ့ လက်ခံထားကြတာ များပါတယ်။ အသက် ၂၀ ကျော် ဝန်းကျင် အရွယ်ဟာ တက်ကြွလန်းဆန်းမှုတွေနဲ့ အောင်မြင်မှု ရရှိအောင် ကြိုးပမ်းဖို့အကောင်းဆုံး အရွယ်လို့ သတ်မှတ်ထားတာပါ။ ဒါဟာ မှန်ကန်တဲ့ အချက်တစ်ခုပါ။ သို့သော် ၂၀ ကျော်အရွယ်မှာ အောင်မြင်မှု မရခဲ့ရင် ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ တွေးလို့မရပါဘူး။ ကမ္ဘာ KFC ကြက်ကြော်ဆိုင်ရဲ့ ပဲ့ကိုင်ရှင် Colonel Sanders ဆိုရင် အသက် ၆၅ နှစ်မှာမှ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေကို စတင်ရရှိခဲ့တာပါ။ ဘဝမှာ အောင်မြင်ဖို့အတွက် အသက်အရွယ်ဟာ အကန့်အသတ်တစ်ခု မဟုတ်ပါဘူး။ မဆုတ်မနစ် ကြိုးစားနေသ၍ သင့်ဘဝမှာ အောင်မြင် မှုရရှိဖို့ အခွင့်အရေး ရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုပါမယ်။

(၂) ရှုံးနိမ့်မှုတွေကို ကြောက်ရွံ့ရှောင်ရှားနေလို့

 failure

Photo : European Association for International Education

ကျရှုံးခြင်းရဲ့ အရသာဟာ ကောင်းမွန်နေမှာတော့ မဟုတ်ပါဘူး။ ဘဝမှာ ဘာမှမလုပ်ရင် ဘယ်တော့မှ ကျရှုံးမှာ မဟုတ်ဘူးလို့ တွေးနေရင် သင်ဘယ်တော့မှလည်း အောင်မြင်လာမှာ မဟုတ်ပါဘူး။ ဘဝခရီးတစ်လျှောက်မှာ ကြုံတွေ့ရတဲ့ သင်ခန်းစာတွေ ၊ အတွေ့အကြုံတွေကပဲ သင့်ကို ပိုပြီး ရင့်ကျက်သန်မာလာအောင် ပြောင်းလဲပေးနိုင်တာပါ။ ရှုံးနိမ့်မှုဟာ အဆုံးသတ်အဖြေတစ်ခု မဟုတ်ပါဘူး။ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေနဲ့ ရှေ့ကိုဆက်လက် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှုံးနိမ့်မှုတွေကို ကြောက်ရွံ့ရှောင်ရှားနေဖို့ မလိုပါဘူး။ ရှုံးနိမ့်မှုတွေနဲ့ ကြုံရင်သာ အကောင်းဆုံး သင်ခန်းစာယူပြီး နောက်တစ်ကြိမ် ထပ်ပြီး မရှုံးအောင် ပြင်ဆင်သင့်တာ ဖြစ်ပါတယ်။

(၃) ပန်းတိုင်တွေ ရှုပ်ထွေးနေလို့

Darts Hitting

Photo : Forbes

ဘဝမှာ အောင်မြင်မှုရဖို့ မတူညီတဲ့ ခြေလှမ်းတွေကြားမှာ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တစ်ခုရှိဖို့နဲ့ အဲ့ဒီကို ရောက်အောင် ဦးတည်သွားဖို့က အရေးကြီးဆုံးပါပဲ။ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တစ်ခုမရှိပဲ အောင်မြင်မှုနောက်ကို လိုက်ကြတဲ့အခါ ဦးတည်ရာလမ်းကြောင်းတွေဟာ ဝေဝါးနေမှာပါ။ သင့်ဘဝရဲ့ အောင်မြင်မှုကို စိတ်ကူးပုံဖော်ကြည့်ပြီး သွားချင်တဲ့ ရည်မှန်းချက် ၊ ရောက်ချင်တဲ့ ပန်းတိုင်တွေကို ရှင်းရှင်းလင်းလင်း သိထားမယ်ဆိုရင် အောင်မြင်မှုဆီ တည့်တည့်မတ်မတ် လျှောက်လှမ်းနိုင်ဖို့ ပိုမိုလွယ်ကူ သွားပါလိမ့်မယ်။ ဒါကြောင့် ဘဝမှာ  သေချာပေါက်အောင်မြင် ချင်ရင် ကိုယ်ဘာဖြစ်ချင်လဲ ၊ ကိုယ်ဘယ်နေရာကို ရောက်ချင်တာလဲဆိုတာ ကောင်းကောင်းသိရှိ နားလည်ထားရမှာ ဖြစ်ပြီး ရည်မှန်းချက်အတိုင်း လိုချင်တဲ့ ဘဝအိပ်မက်တွေကို ပြည့်ဝအောင် ကြိုးစားဖြည့်တင်းရမှာ ဖြစ်ပါတယ်။

(၄) စည်းကမ်းမရှိလို့

Discipline

Photo : Medium

အောင်မြင် မှုရရှိဖို့ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ Discipline ရှိဖို့ပါပဲ။ Discipline ဟာ စာရေးသူတို့ ဘဝမှာ အောင်မြင်မှုကို လက်ဝယ်ပိုင်ဆိုင်နိုင်စေဖို့ မတူညီတဲ့ နည်းလမ်းအမျိုးမျိုးတွေထဲက တစ်ခုပါပဲ။ သေချာတာတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ပဲ ၊ မလှည့်စားပဲ ဘာပဲလုပ်လုပ် စနစ်တကျ ၊ စည်းကမ်းရှိရှိ လုပ်ဆောင်တက်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ သင်ပျင်းနေတဲ့ အချိန်တွေရှိမယ် ၊ လုပ်ရမယ့် တာဝန်တွေကို ကျော်ချလိုက်ချင်တဲ့ အချိန်တွေရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် Discipline ကောင်းကောင်း ချမှတ်ပြီး စည်ကမ်းတွေလို့ ချိုးဖောက်လို့မရအောင် ကိုယ့်ကိုယ်ကိုယ် တင်းကျပ်ထားသင့်ပါတယ်။

Source : My Fit Brain

Featured Photo : Inc. Magazine