လူတော်တော်များများက ခန္ဓာကိုယ်မှာ သည်းမခံနိုင်တဲ့ နာကျင်မှု၊ သိသာထင်ရှားတဲ့ မသက်မသာဖြစ်မှုများကို ခံစားရမှသာ ဆေးရုံဆေးခန်းကို သွားကြတာ၊ စစ်ဆေးမှုပြုလုပ်ကြတာ များပါတယ်။ တော်ရုံနာကျင်တာလောက်ဆိုရင် အမူမဲ့ အမှတ်မဲ့ထားလိုက်ပြီး ခန္ဓာကိုယ်ကို ထင်သလောက် ဂရုစိုက်မှုမရှိဘဲ ပေါ့ဆကြပါတယ်။ တစ်ခါတစ်ရံတွင် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အသေးအမွှာလို့ ထင်ရသည့်အရာများက ပြင်းထန်သော ကျန်းမာရေးလက္ခဏာများအတွက် ရှေ့ပြေးသတိပေးလက္ခဏာများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုမိုပြင်းထန်သော ကျန်းမာရေး ပြဿနာများအဖြစ်သို့မပြောင်းမီ အချိန်မှီကုသမှု ခံယူသင့်ပါတယ်။ မဟုတ်ပါက အချိန်နှောင်းပြီး ဆိုးဝါးသော နောက်ဆက်တွဲများ ခံစားရနိုင်ပါတယ်။ မိတ်ဆွေတို့အတွက် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာများကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးမှာဖြစ်ပါတယ်။ ဒီလို လက္ခဏာများ ခံစားရပါက ဒါလေးများ ဆိုပြီး လုံးဝကို မပေါ့ဆလိုက်လေနဲ့ ။
မျိုချရခက်ခြင်း
Photo : University of Utah Health
လည်ချောင်းထဲမှာ အစာမျိုချရ အဆင်မပြေဘဲ ပိတ်နေတယ်လို့ ခံစားရပါသလား။ ဒီလိုမျိုး ခံစားရရင် ဆရာဝန်ကို ပြသဖို့ အကြံပေးချင်ပါတယ်။ ခဏတာခံစားရပြီး ပြန်လည်ပျောက်သွားရင် ကိစ္စမရှိပေမယ့် အချိန်အတိုင်းအတာတစ်ခုထိ ခံစားနေရတယ်ဆိုရင် ပြင်းထန်သော ကျန်းမာရေးပြဿနာများရဲ့ ရှေ့ပြေးလက္ခဏာများ ဖြစ်နိုင်ပါတယ်။ အစာမျိုချရခက်ခြင်းကြောင့် စိုးရိမ်ရတာကတော့ လည်ချောင်းကင်ဆာ ဖြစ်နိုင်လို့ ဖြစ်ပါတယ်။ လည်ချောင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ နှစ်ပတ်အတွင်း လည်ချောင်းနာခြင်း၊ အသံမထွက်ခြင်း၊ အစာမျိုရခက်ခြင်း သို့မဟုတ် တံတွေးပိုလျှံခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ချောင်းဆိုးသွေးပါခြင်းတို့ပဲ ဖြစ်ပါတယ်။
ရင်ဘတ်အောင့်ခြင်း
Photo : Cadence Heart Centre
ရင်ဘတ်အောင့်ခြင်းက အစာမကြေခြင်း၊ စိတ်ဖိစီးမှု သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် ဖြစ်နိုင်တာကြောင့် အမျိုးသားများ လျစ်လျူရှုလေ့ရှိတဲ့ လက္ခဏာတွေထဲမှာ ပါဝင်ပါတယ်။ အကယ်၍ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်နားတစ်ဝိုက် နာကျင်ခြင်းကို ခံစားရပါက လုံးဝကို မပေါ့ဆသင့်ပါဘူး။ ရင်ဘတ်အောင့်ခြင်းရဲ့ ပြင်းထန်မှု၊ ကြာချိန်၊ နေရာတို့က ခံစားရသူတိုင်းအတွက် မတူညီပါ။ ကွီးတို့ရဲ့ ရင်ဘတ်မှာ နာကျင်လေးလံခြင်း သို့မဟုတ် ရင်ဘတ်မှ လက်မောင်းအောက် သို့မဟုတ် မေးရိုးအတွင်းအထိ ပျံ့နှံ့သွားသော နာကျင်မှုကို ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်ပါတယ်။ ပြင်းထန်သော ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ရင်ဘတ်တွင် လေးလံနေသည့် ခံစားချက်က အထူးသဖြင့် ပြင်းထန်သော ဘယ်ဘက်လက်မောင်းနာကျင်ခြင်းနှင့်အတူ လိုက်ပါလာပါက နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း
Photo : The Sun
ကွီးတို့အနေနဲ့ စားသောက်နေထိုင်မှု ပုံမှန်အတိုင်းရှိနေပြီး ကိုယ်အလေးချိန် လျှော့ချဖို့ မကြိုးစားဘဲ ကိုယ်အလေးချိန် ကျဆင်းနေပါက ခန္ဓာကိုယ်မှာ ပြဿနာရှိနေပါပြီ။ အလိုလိုနေရင်း အလွန်အကျွံ ကိုယ်အလေးချိန်ကျဆင်းနေပါက ပန်ကရိယ၊ အစာအိမ်၊ အစာမျိုပြွန် သို့မဟုတ် အဆုတ်ကင်ဆာတို့ရဲ့ လက္ခဏာများ ဖြစ်နိုင်တာကြောင့် လုံးဝကို မပေါ့ဆလိုက်ပါနဲ့။
အမျိုးသားအင်္ဂါရဲ့ မူမမှန်မှုများ
Photo : Gentside UK
အမျိုးသားတော်တော်များက ၎င်းတို့ရဲ့ လိင်အင်္ဂါ မူမမှန်မှုနဲ့ ပတ်သတ်ပြီး ခံစားရသော်လည်း ဆရာဝန်နဲ့ ပြသဖို့အတွက် တွန့်ဆုတ်တတ်ပါတယ်။ ဒီလို တွန့်ဆုတ်နေခြင်းက လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများ ရှိနေပါက အချိန်မီသိရှိဖို့ နှောင့်နှေးနိုင်ပါတယ်။ ဝှေးစေ့ကင်ဆာရဲ့ အဖြစ်အများဆုံး လက္ခဏာမှာ ဝှေးစေ့ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အကျိတ်နဲ့ အခြားသောလက္ခဏာများလည်း ပြသနိုင်တာကြောင့် လိင်အင်္ဂါ မူမှန်တာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
ခေါင်းကိုက်ခြင်း
Photo : Rush
လူတိုင်းလိုလို ခေါင်းကိုက်တာကို ခံစားဖူးကြမှာပါ။ များသောအားဖြင့် မိမိဘာသာ ဆေးသောက်လိုက်ပြီး ပျောက်သွားတတ်ပါတယ်။ သို့သော်လည်း အချို့သော ခေါင်းကိုက်ခြင်းများက ဆေးကုသမှု ခံယူရန် လိုအပ်ပါတယ်။ များသောအားဖြင့် ပုံမှန်ထပ်ပိုပြီး ခေါင်းကိုက်တာ၊ မကြာခဏ ခေါင်းကိုက်တာ သို့မဟုတ် ပြင်းထန်သော ခေါင်းကိုက်ခြင်း စတာတွေခံစားပါက လျစ်လျူမရှုပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။
ပါးစပ်အတွင်း နာကျင်ခြင်း
Photo : Bear Creek Family Dentistry
ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းစားခြင်းက ခံတွင်းကင်ဆာဖြစ်နိုင်ခြေများတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ကွီးတို့အနေနဲ့ ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းစားခြင်း တစ်ခုခုကို ကာလရှည်ကြာစွာ စွဲစွဲမြဲမြဲ ပြုလုပ်ခဲ့ရင် ဒါမှမဟုတ် နှစ်ခုလုံးကို ပြုလုပ်တဲ့သူဆိုပါက ပါးစပ်အတွင်း မပျောက်နိုင်သောအနာများ၊ မေးရိုးများ ရောင်ရမ်းခြင်း သို့မဟုတ် ထုံကျင်ခြင်း စတာတွေကို ခံစားရပါက လုံးဝမပေါ့ဆပါနဲ့။ ခံတွင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လက္ခဏာတစ်ခုခု ဒါမှမဟုတ် အခြားသော ကိုယ်ခန္ဓာရဲ့ မူမှန်မှုကို ခံစားရရင် ဒါလေးများ ဆိုပြီး လုံးဝ မပေါ့ဆလိုက်လေနဲ့ လို့ အထူးသတိပေးချင်ပါတယ်။ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသဆွေးနွေးခြင်းဖြင့် ပြင်းထန်မှုမရှိခင် ကုသမှုကို အချိန်မီ ခံယူနိုင်ပါတယ်။ ကျန်းမာခြင်းက လာဒ်ကြီးတစ်ပါးပါ။ ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပြီး ကွီးတို့လုပ်ချင်တာကို လုပ်ခွင့်ရှိမှာ ဖြစ်တာကြောင့် ကျန်းမာရေးကို အထူးအလေးပေးဖို့ မှာချင်ပါတယ်။
Source : Healthy Driven
Featured Photo : Healthline