ဂျူဗင်တပ်စ်အသင်း ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ ဂျူလိုင်လအတွင်းက ရရှိခဲ့တဲ့ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှုခံယူတော့မှာ ဖြစ်ပြီး ကာလကြာရှည် အနားယူရနိုင်ဖွယ် ရှိနေပါတယ်။
ပေါ့ဂ်ဘာက ယခုနှစ်နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ရာသီကြိုကာလကတည်းက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်နည်းပြ မက်အယ်လီဂရီကတော့ ပေါ့ဂ်ဘာက လာမယ့် ဇန်နဝါရီလအထိ အသင်းမှာ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ တနင်္လာနေ့က အသင်းနဲ့ ဒုတိယအကြိမ် လေ့ကျင့်ရေးပြန်ဆင်းခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် လေ့ကျင့်ရေးကို ပြီးဆုံးတဲ့အထိ မဆင်းနိုင်ခဲ့ပါဘူး။
” တနင်္လာနေ့ မနက်က ပေါ့ဂ်ဘာအသင်းနဲ့ ဒုတိယအကြိမ် လေ့ကျင့်ရေးဆင်းခဲ့ပေမယ့် လေ့ကျင့်ရေးကို ပြီးဆုံးအောင် မဆင်းနိုင်ခဲ့လို့ ဒဏ်ရာအတွက် ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ လာမယ့် ဇန်နဝါရီလလောက်မှာတော့ သူ့ကို အကောင်းမွန်ဆုံးပုံစံနဲ့ ပြန်တွေ့ရမှာပါ” လို့ နည်းပြ မက်အယ်လီဂရီက ပြောကြားခဲ့ပါတယ်။
ပေါ့ဘာဟာ ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူတော့မှာဖြစ်လို့ ယခုနှစ်အနှောင်းပိုင်းမှာ ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ အလားအလာ ရှိနေပါတယ်။ ပေါ့ဂ်ဘာ ဟာ ယူနိုက်တက်မှာ နောက်ဆုံးကစားခဲ့တဲ့ အချိန်အတောအတွင်းမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ စိတ်ပျက်စရာ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက ခြေသလုံးနဲ့ တံကောက်ကြော ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေဟာ ပေါ့ဂ်ဘာအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး ယူနိုက်တက်က ထွက်ခွာခဲ့ပြီးနောက် ကွင်းထဲကို အကောင်းဆုံးပုံစံနဲ့ ပြန်လည်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေရသူ ဖြစ်ပါတယ်။
Photo : All Football
ပေါ့ဂ်ဘာက ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၇၈ ပွဲကစားကာ သွင်းဂိုး ၃၄ ဂိုး အထိ သွင်းယူပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဂျူဗင်တပ်စ် အသင်းကနေ ၎င်းရဲ့ လူငယ်ကစားသမားဘဝ စတင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ ကိုပါအီတလီယာ ဖလား ၂ ကြိမ် ၊ အီတလီစူပါဖလား ၁ ကြိမ်နဲ့ စီးရီးအေဖလား ၄ ကြိမ် ရရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ပြင်သစ်သားဟာ ပြင်သစ်အသင်းချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် အဓိကနေရာက ပါဝင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့မယ်ဆိုရင် ပေါ့ဂ်ဘာ အတွက် ခါးသီးတဲ့ထိုးနှက်တစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
Featured Photo : Daily Mail