ဒူးနာတဲ့ ပြဿနာဟာ အမျိုးသားတွေမှာ အဖြစ်များလေ့ရှိပြီး ပုံမှန်လမ်းလျှောက်တာ ကဲ့သို့ နေ့စဉ်လှုပ်ရှားမှုတွေကိုပင် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် အရိုးအဆစ်တွေ ကြံ့ခိုင်မှုအားနည်းလာတဲ့ သက်ကြီးပိုင်း အမျိုးသားတွေမှာ ဒူးနာတဲ့ ဝေဒနာ အများဆုံးခံစားရလေ့ရှိပြီး ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကနေ တဆင့်လည်း ဒူးနာတဲ့ ဝေဒနာကို ခံစားရစေ နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒူးနာ တဲ့ဝေဒနာကို ကြိုတင်ကာကွယ် နိုင်ဖို့ ကွီးတို့ပြောင်းလဲရမယ့် နေ့စဉ် အလေ့အထ တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

Photo : InsideHook

နေ့ရက်တိုင်း တက်ကြွလန်းဆန်းပြီး သန်စွမ်းကြံ့ခိုင်နေဖို့ လေ့ကျင့်ခန်းက အရေးပါပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေရုံမကကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးတာကြောင့် ဒူးဆစ်တွေ ထိခိုက်မှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၂) ကိုယ်ဟန်အနေအထား မှန်ပါစေ


Photo : Medical News Today

ဒူးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်ဟန်အနေအထား မှန်ကန်အောင် ထိန်းသိမ်းခြင်းကလည်း အရေးကြီးပါတယ်။ မတ်တတ်ရပ်တဲ့အခါ ခေါင်း ၊ ပခုံး ၊ တင်ပါး ၊ ဒူးနဲ့ ခြေဖဝါးတွေကို မှန်ကန်အောင် ချိန်ညှိပြီး ရပ်ပါ။ ယောဂ နဲ့ Planks ထောက်ခြင်း လေ့ကျင့်ခန်းတွေလို ကိုယ်နေဟန်ထား တိုးတက်စေမယ့် လေ့ကျင့်ခန်းတွေလည်း လုပ်ပေးနိုင်ပါတယ်။

(၃) ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ


Photo : The CBD Magazine

ကျန်းမာတဲ့ ကိုယ်အလေးချိန်ထက် ကျော်လွန်နေပါက ဝိတ်ချဖို့ အကြံပြုချင်ပါတယ်။ ကိုယ်အလေးချိန်များနေသူ သို့မဟုတ် အဝလွန်နေတဲ့ သူတစ်ယောက်အတွက် လှေကားတက်ချိန်မှာ ဒူးပေါ်ကို ၅ ပေါင်နဲ့ ညီမျှတဲ့ ဖိအားသက်ရောက်မှု ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ဒူးက ထိန်းထားရတဲ့အတွက် ဝိတ်များတာက ဒူးနာခြင်းကို ပိုပြီးဖြစ်နိုင်ခြေ များပါတယ်။

(၄) သက်တောင့်သက်သာရှိတဲ့ ဖိနပ်ကိုဝတ်ဆင်ပါ

Photo : Nike

ခြေဖဝါး ဒဏ်ရာတွေနဲ့ ဒူးနာခြင်းက ဆက်စပ်နေပါတယ်။ ခြေချောင်းတွေကို တင်းကြပ်နေစေတဲ့ ဖိနပ်တွေ နောက်ပြီး အမျိုးသမီးတွေအတွက် ခြေဖဝါးကို ဖိအားဖြစ်စေတဲ့ ဒေါက်မြင့်ဖိနပ်တွေဟာ ရေရှည်မှာ ဒူးနာတဲ့ ဝေဒနာကို ဖြစ်ပေါ်ခံစား လာရစေနိုင်ပါတယ်။ ဒါ့ကြောင့်ကိုယ့်ရဲ့ ခြေထောက်နဲ့ အံ့ဝင်ခွင်ကျရှိပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်အမျိုးအစားတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၅) နှိပ်နယ်ပေးပါ


Photo : Premier Health Partners

ခြေထောက်နဲ့ ဒူးကို နှိပ်နယ်ပေးတာက အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်ပါတယ်။ လေ့လာမှုတွေအရ မနက်ခင်းမှာ အမွှေးရနံ့ပါတဲ့ ဆီတစ်မျိုးနဲ့ နှိပ်နယ်ပေးခြင်းက ကြွက်သားများ ညောင်းညာတောင့်တင်းခြင်းကို သက်သာစေပြီး ဒူးအောက်ပိုင်း နာကျင်ခြင်းနဲ့ အရိုးအဆစ်ရောင်ရောဂါ ဝေဒနာရှင်တွေအတွက် လှုပ်ရှားမှု ပိုမိုကောင်းမွန်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။