လူတိုင်းလူတိုင်းက သူတို့ဘဝမှာ တစ်ချိန်မဟုတ်တချိန် အမျက်ဒေါသ ထွက်ဖူးကြမှာပါ။ ဒါက မထူးဆန်းပါဘူး။ ဒေါသမထွက်ရင် လူသားမဟုတ်တော့ ဘူးလေနော်။ ဒါပေမယ့် ဒီလို ဒေါသထွက်ကြတဲ့အခါ အဆိုးမြင်စိတ်တွေပါ ကပ်ပါလာတာကိုလည်း ကြုံဖူးကြမှာပါ။ ဒေါသရဲ့တုံပြန်မှုက လူအများစုကို စိတ်ပျက်အားငယ်တာ ဒါမှမဟုတ် စိတ်ထိခိုက်မှုအထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒေါသ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လို ကိုင်တွယ် ရမလဲဆိုတဲ့နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

(၁) အသက်ရှုပါ


Photo : Business Insider España

ဒေါသထွက်နေတဲ့အခါ ချက်ချင်းသက်သာစေတဲ့နည်းက အသက်ရှုပြီးတော့ ကိုယ့်ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်တာပါ။ လေကို နှာခေါင်းဝကနေ ဖြည်းဖြည်းချင်းရှူသွင်းပါ။ စိတ်ကြည်လင်မှုကို ပြန်လည်ရရှိလာတယ်လို့ ခံစားရတာနဲ့တပြိုင်နက် အသက်ပြင်းပြင်းရှူသွင်းပြီး အချိန်ခဏနေပေးပါ။ ဒါက ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ရဲ့ဒေါသထွက်နေတဲ့စိတ်ကို ချက်ချင်းတည်ငြိမ်သွားစေနိုင်ပါတယ်။

(၂) ရေတွက်ပါ

Photo : iStock

ရယ်စရာဖြစ်နိုင်ပေမယ့် ဒေါသထွက်တဲ့အခါ ၁ ကနေ ၁၀ အထိ တဖြည်းဖြည်းရေတွက်တာက စိတ်တင်းမာမှုကို ချက်ချင်းသက်သာစေနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ရေတွက်မှုအပေါ်ဂရုစိုက်ဖို့ အာရုံစိုက်ထားလိုက်လို့ပါ။ ဒေါသက သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကို မြင့်တက်စေပါတယ်။ ဂဏန်းရေတွက်ခြင်းက ခန္ဓာကိုယ်ကို အေးချမ်းစေပြီး အသက်ရှုခြင်းကို နှေးကွေးစေတာကြောင့် ကိုယ်တိုင်နောင်တရစရာတစ်ခုခုကို မပြောခင် ဒါမှမဟုတ် မလုပ်မိခင် စဉ်းစားဖို့ သင့်အနေနဲ့ အချိန်တစ်ခုရနိုင်ပါတယ်။

(၃) သင့်ဒေါသအကြောင်း မှတ်တမ်းတစ်ခု သိမ်းဆည်းထားပါ


Photo : Forbes

ဒေါသထွက်နေတဲ့အရာကို သိတဲ့အခါ ဒေါသကို ကိုင်တွယ်ရတာ ပိုလွယ်ကူစေပါတယ်။ တစ်ခါတစ်ရံမှာ လူတွေက စိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ ဒါမှမဟုတ် တခြားသော အကြောင်းအရာတွေကြောင့် စိတ်တို ဒေါသ ထွက်တတ်ကြပါတယ်။ မကြာခဏဆိုသလို ဒေါသ ပေါက်ကွဲလွယ်တာမျိုးဖြစ်နေပြီးဆိုရင် ကိုယ်ဒေါသထွက်တိုင်း ဒေါသထွက်ရတဲ့အကြောင်းရင်းကို မှတ်ထားသင့်ပါတယ်။ ဒီလို ကိုယ့်ရဲ့ ဒေါသအကြောင်းကို မှတ်ထားတာက အလွန်အကျူးပေါက်ကွဲလွယ်တာမျိုးကနေ ရှောင်ကြဉ်လာနိုင်ပါလိမ့်မယ်။

(၄) ငြိမ်းချမ်းမှုကို မြင်ယောင်ကြည့်ပါ


Photo : Twitter

ကိုယ့်ရဲ့အသက်ရှုသံတွေကို လှိုင်းလုံးကြီးတစ်ခုလို မြင်ယောင်ကြည့်လိုက်ပြီးတော့ ဝင်လေထွက်လေကို သတိထားကြည့်ပါ။ ကိုယ့်ရဲ့ ဒေါသတွေ လွင့်ထွက်သွားတယ်လို့ မြင်ယောင်လိုက်တာနဲ့ အသက်ရှုတိုင်း ပိုနက်နဲလာပြီး အေးချမ်းသွားတာကို ခံစားရပါလိမ့်မယ်။ ကိုယ်တိုင်ရော တခြားသူတွေကိုပါ အေးအေးဆေးဆေး ချိုသာစွာပြောကြည့်ပါ။ ဒီလိုလုပ်တိုင်းမှာ ကိုယ့်ရဲ့ဒေါသတုံပြန်မှုဒီဂရီတစ်ခု လျော့သွားတာကို တွေ့ရပါလိမ့်မယ်။

(၅) လေ့ကျင့်ခန်း လုပ်ပါ

Photo : Askmen

ဒေါသထွက်တဲ့အခါ ထွက်လာတဲ့ဟော်မုန်းတွေဖြစ်တဲ့ Cortisol နဲ့ Adrenaline တို့ဟာ အန္တရာယ်နဲ့တွေ့တဲ့အခါ ရတဲ့ စိတ်ဖိစီးမှုကနေ ထွက်တဲ့ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က Adrenaline နဲ့ Cortisol ပမာဏကို ပိုမိုထိရောက်စွာ ထိန်းညှိနည်းကို သိရှိလာပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတွေဟာ အန်ဒိုဖင် အကောင်းဆုံးအဆင့် ပိုများပြီးတော့ Endorphins က စိတ်ချမ်းသာစေတဲ့ ဟော်မုန်းများဖြစ်တာကြောင့် ဒေါသထွက်နိုင်ခြေ ပိုနည်းစေပါတယ်။

Featured Photo : Help Me Stop