ကားတစ်စီးအတွက် ဒေါ်လာသန်းချီ ပိုက်ဆံသုံးတဲ့သူတွေကို ရူးမိုက်တယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ နှစ်စီးပဲ ရှိခဲ့တဲ့ ၁၉၅၅ မော်ဒယ် Mercedes-Benz 300 SLR Uhlenhaut Coupe ကို RM Sotheby’s လေလံပွဲမှာ ယူရို ၁၃၅ သန်း (ကန်ဒေါ်လာ ၁၄၂.၈ သန်းဝန်းကျင်) ဈေးနဲ့ လေလံဆွဲသွားသူကိုတော့ နောက် Level တစ်ခု ရောက်နေတဲ့လူလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အလွန်တရာရှားပါးလှပြီး Prototype အနေနဲ့ ၂ စီးပဲ ထုတ်ခဲ့တဲ့ ဒီကားဟာ ကမ္ဘာပေါ်မှာ အလှဆုံးကားတွေထဲက တစ်စီးအဖြစ်လည်း သတ်မှတ်ထားပါတယ်။ 1955 Mercedes-Benz 300 SLR Uhlenhaut Coupé ကို ဒီတစ်ပတ် ဂျာမနီမှာ ကျင်းပတဲ့ RM Sotheby’s လေလံပွဲမှာ ပုဂ္ဂလိက စုဆောင်းသူတစ်ဦးက အမြင့်ဆုံးကြေး ပေးပြီး လေလံဆွဲခဲ့တာ ဖြစ်ပါတယ်။

Mercedes-Benz Smashes Car Auction

Photo : Bloomberg

ဒါဟာ လေလံပွဲမှာ ဈေးအကြီးဆုံးနဲ့ လေလံအောင်သွားတဲ့ ကားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ Mercedes-Benz 300 SLR Uhlenhaut Coupé ကားအရင် RM Sotheby’s လေလံရုံကနေ ၂၀၁၈ မှာ 1962 Ferrari 250 GTO ကို ဒေါ်လာ ၄၈.၅ သန်း နဲ့ လေလံတင် ရောင်းချခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ 1963 Ferrari GTO ကို ဒေါ်လာ သန်း ၇၀ နဲ့ Privately ရောင်းချခဲ့တယ်လို့ CNBC Reports က ဖော်ပြပါတယ်။

Mercedes-Benz 300 SLR Uhlenhaut Coupé ဟာ ကမ္ဘာပေါ်မှာ ‌‌ဈေးအကြီးဆုံး ကားဖြစ်တဲ့အပြင် လေလံတင်ပွဲမှာ ရောင်းချသမျှ ဈေးအကြီးဆုံး ပစ္စည်း ၁၀ မျိုးမှာပါ တစ်မျိုး အပါအဝင် ဖြစ်ခဲ့ပါတယ်။ Mercedes-Benz 300 SLR Uhlenhaut Coupé ဆိုတဲ့ နာမည်ဟာ ဒီကားကို ဖန်တီးတဲ့ အင်ဂျင်နီယာချုပ် Rudolf Uhlenhaut ရဲ့ နာမည်ကို ယူပြီး ပေးထားတာပါ။

Rudolf Uhlenhaut ကိုယ်တိုင်လည်း 1955 Mercedes-Benz 300 SLR Uhlenhaut Coupé တစ်စီးကို ကိုယ်တိုင်စီးဖို့ ထုတ်ခဲ့ပါတယ်။ Mercedes-Benz 300 SLR Uhlenhaut Coupé ဟာ Sport Light Racing (SLR) နဲ့ တံခါးနှစ်ပေါက်တပ် Two-Door Roadster မော်ဒယ် Super Leicht (SL) Hybrid မော်ဒယ်ဖြစ်လို့ 300 SLR နဲ့ W 196 R Formula 1 Car ပေါင်း Performance နဲ့ လာပါတယ်။ ဒါကြောင့်ပဲ Mercedes-Benz 300 SLR Uhlenhaut Coupé ဟာ SLR ကိုယ်ထည်ကို နည်းနည်း ဘော်ဒီအိမ် ချဲ့ထားတဲ့ ဗားရှင်းကိုမှ 300 SL ထက် ပိုပြီး အနုစိတ် ဒီဇိုင်းထုတ် ဖန်တီးထားတဲ့ ဘော်ဒီနဲ့လာပါတယ်။ 300 SL ရဲ့ အမှတ်အသားဖြစ်တဲ့ စင်ရော် တောင်ပံဖြန့် Gull Wing Doors တွေလည်း ပါဝင်ပါတယ်။

1955 Mercedes-Benz 300 SLR Uhlenhaut Coupé ဟာ ဒီဇိုင်းပိုင်းတင် လှတာ မဟုတ်ဘဲ Performance အားဖြင့်လည်း ကမ္ဘာ့အမြန်ဆုံးကားတွေထဲမှာ ထည့်ပြောရမှာပါ။ မူလက 1955 Mercedes-Benz 300 SLR Uhlenhaut Coupé ကို Carrera Panamericana မှာ ကားပြိုင်ပွဲ ဝင်နွှဲဖို့ ဖြစ်ပါတယ်။ နောက်တော့ ပြင်သစ်နိုင်ငံ Sarthe မှာ ၂၄ နာရီ ပြိုင်မောင်းရတဲ့ 1955 Le Mans Motor Race ပြိုင်ပွဲမှာ ပြင်သစ်ပြိုင်ကားသမား Perre Levegh နဲ့ ပွဲကြည့်သူ ၈၃ ဦး သေဆုံးခဲ့တဲ့ အဖြစ်ဆိုးကြီး ကြုံပြီးနောက် ဒီပြိုင်ပွဲကနေ Mercedes’ နှုတ်ထွက်သွားရာကနေ အစွမ်းပြခွင့် မရခဲ့တာ ဖြစ်ပါတယ်။

Mercedes-Benz Smashes Car Auction Records

Photo : News Com Au

ကားအမြန်နှုန်း အနေနဲ့ 1955 Mercedes-Benz 300 SLR Uhlenhaut Coupé ဟာ Top Speed ကို တစ်နာရီ ကီလို ၂၉၀ အထိ ရောက်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက လမ်းပေါ်က အမြန်ဆုံး Super Car လည်း ဖြစ်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ကားလောကမှာ အလှပဆုံး နဲ့ အခမ်းနားဆုံးကားဒီဇိုင်း အဖြစ် လူတိုင်းက လက်ခံခဲ့ရပါတယ်။ မော်ဒယ်နှစ်မျိုးထဲမှာ မရောင်းဘဲ ကျန်ခဲ့တဲ့ Original Uhlenhaut Coupe ကတော့ Mercedes ဆီမှာပဲ ရှိနေပါတယ်။ လက်ကျန် ၁၉၅၅ မော်ဒယ် Mercedes-Benz 300 SLR Uhlenhaut Coupé ကို ဂျာမနီနိုင်ငံ Stuttgart မှာ ရှိတဲ့ Mercedes-Benz Museum မှာ ဆက်ပြီး ပြသသွားမယ်လို့ ဆိုပါတယ်။

Featured Photo : foxnews