နွေရာသီဟာ ပြင်းထန်တဲ့ အပူချိန်နဲ့အတူ မကျန်းမာခြင်းတွေကိုပါ ယူဆောင်လာတက်တဲ့ ရာသီတစ်ခုပါ။ နွေရဲ့ အပူဒဏ်ကြောင့် ခေါင်းကိုက်တာ ၊ နေလောင်တာ ၊ အရေပြားဆိုင်ရာ ပြဿနာတွေ ၊ ဝက်သက်ရောဂါ ၊ အသားဝါရောဂါနဲ့ တခြားသော ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ များစွာကို ကြုံတွေ့ ခံစားရ နိုင်ပါတယ်။ ဒါကြောင့် ဒီလို ပူပြင်းလှတဲ့ နွေကာလမှာ ကျန်းမာရေးနဲ့ အညီ ပြောင်းလဲနေထိုင်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ ပူပြင်းတဲ့ နွေ ကာလအတွင်း ကျန်းမာ စွာနေထိုင်နိုင်ဖို့ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာအောင်စားပါ

Photo : VistaCreate

နွေရာသီအတွင်း အစားအသောက် မှီဝဲတဲ့အခါ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ အစားအသောက်တွေကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ် မြင့်မားတဲ့ အစားအစာတွေ အလွန်အကျွံစားတာက ခန္ဓာကိုယ်တွင်း အပူချိန်ကို များစွာ တိုးစေပါတယ်။ ဒါကြောင့် အလွန်အကျွံစားခြင်းနဲ့ မကျန်းမာတဲ့ အစားအစာတွေကို ရှောင်ပြီး လက်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပမာဏ နည်းနည်းနဲ့ မကြာခဏ စားပေးပါ။

(၂) မျက်လုံးတွေကို ကာကွယ်ပါ

Photo : VistaCreate

နွေ ရာသီရဲ့ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်က ကွီးတို့ရဲ့ မျက်လုံးတွေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေ နိုင်ပါတယ်။ ဒါကြောင့် နေပူထဲသွားလာရတဲ့အခါ ခရမ်းလွန်ရောင်ခြည်ဒဏ် အနည်းဆုံး ၉၉ ရာခိုင်နှုန်း တားဆီးပေးတဲ့ နေကာမျက်မှန်တွေကို မဖြစ်မနေ ဝတ်ဆင်သင့်ပါတယ်။

(၃) အရက်နဲ့ ကဖိန်းဓာတ် ရှောင်ပါ

Photo : VistaCreate

အယ်လ်ကိုဟော ၊ သကြားပါဝင်မှုများတဲ့ အချိုရည်နဲ့ ကော်ဖီတွေက ခန္ဓာကိုယ် ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အထူးသ ဖြင့် ပူပြင်းတဲ့ နွေ ရာသီကာလတွေမှာ အရက်ပါဝင်တဲ့ အဖျော်ယမကာတွေ ၊ အချိုရည်နဲ့ ကဖိန်းဓာတ် ပမာဏကို တက်နိုင်သလောက် လျှော့ချဖို့ လိုအပ်ပါတယ်။ ရိုးရိုးရေနဲ့ သဘာဝသစ်သီး ဖျော်ရည်တွေကသာ နွေရာသီအတွက် အကောင်းဆုံးသောက်စရာ ဖြစ်ပါတယ်။

(၄) ရေဓာတ်ဖြည့်ပါ


Photo : VistaCreate

ရာသီဥတုပူတဲ့အချိန်မှာ ခန္ဓာကိုယ် ရေဓာတ် ပြည့်ဝနေဖို့က အဓိကပါပဲ။ ဒါကြောင့် ရေများများ သောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံးရေ ၂ လီတာကနေ ၃ လီတာအထိ သောက်သုံးပေး နိုင်ပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ကျန်းမာလန်းဆန်းပြီး နာမကျန်းခြင်းတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

(၅) အိမ်ထဲမှာနေပါ

Photo : VistaCreate

ဖြစ်နိုင်ရင် နေပူထဲသွားလာချိန်ကို တက်သလောက်ကန့်သတ်ထား သင့်ပါတယ်။ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအတွင်း အိမ်ထဲမှာ နေပေးပါ။ မဖြစ်မနေ နေပူထဲ သွားရမယ်ဆိုရင်လည်း နေပူဒဏ်ကာကွယ်ဖို့ ပွပွချောင်ချောင်ရှိတဲ့ အဝတ်အစားတွေ ၊ ထီး ၊ ဦးထုပ်တွေ ဆောင်သွားသင့်သလို  နေလောင်ကာခရင်မ်လည်း လိမ်းပေးဖို့ လိုပါတယ်။ ဒါ့အပြင် ရေများများသောက်ပြီး အရိပ်ရတဲ့နေရာတွေမှာ မကြာခဏ နားပေးပါ။

(၆) လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းကို ရှောင်ပါ

Photo : VistaCreate

ရာသီဥတု အလွန်အမင်းပူနေချိန်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကို ရှောင်သင့်ပါတယ်။ ကျန်းမာ ရေးအတွက် ယောဂ လေ့ကျင့်ခန်းတွေ ၊ ပေါ့ပေါ့ပါးပါး အိမ်တွင်းလေ့ကျင့်ခန်းတွေလောက်သာ ကစားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မနက်အစောပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာသာ လုပ်ဆောင်သင့်ပါတယ်။

Featured Photo : Pinterest