မအေးတအေးရှိတဲ့ ဆောင်းရာသီကနေ ပူအိုက်တဲ့ ရာသီဥတုဆီသို့ တဖြည်းဖြည်း ချဥ်းနင်း ဝင်ရောက်လာတာကို ကွီးတို့ နေပူထဲ ထွက်တဲ့အခါ သတိထား မိပါလိမ့်မယ်။ အဲကွန်းခန်းထဲမှာပဲ အနေများရင်တော့ မသိသာပေမယ့် မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား အပြင် ထွက်ကြည့်လိုက်မယ်ဆိုရင်တော့ ခြစ်ခြစ်တောက်အောင် ပူနေတာကို ခံစားရပါလိမ့်မယ်။ ဒီလိုမျိုး ခြစ်ခြစ်တောက်အောင် ပူတဲ့ နွေရာသီ မှာ ကွီးတို့ အသားအရေ က အဆီ တဝင်းဝင်းနဲ့ အဆီပြန်နေမှာ အသေအချာပါပဲ။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေ ဆိုရင်တောင် ပြောမနေပါနဲ့တော့။ ဆီတောင် ထုတ်ရောင်းလို့ ရပါလိမ့်မယ်။

ဘာ့ကြောင့် အခုလိုမျိုး နွေရာသီ မှာ အသားအရေက တားမရ ဆီးမရအောင် အဆီ ပြန်ရသလဲဆိုတာကို ကွီးတို့ သိချင်ပါသလား။ အကြောင်းအရင်းနဲ့ ဘယ်လို သက်သာ ပျောက်ကင်းအောင် ပြုလုပ်လို့ ရမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

ဘာ့ကြောင့် နွေရာသီ မှာ အသားအရေက အဆီ တဝင်းဝင်းနဲ့ စိတ်အနှောင့်အယှက်တွေ ပေးနေရတာလဲ

man skin

အပူနဲ့ ခြောက်သွေ့တဲ့ လေထုက ကွီးတို့ရဲ့ အသားအရေကို လိုအပ်တဲ့ သဘာဝအဆီထက် ပိုမိုပိုလျှံနေအောင် ထုတ်လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အသားအရေကို ဝက်ခြံတွေ ၊ တင်းတိပ် ၊ မှည့်ခြောက်တွေ အပိုဆုအဖြစ် ဆုချီးမြှင့်ပေးနေ ပါလိမ့်မယ်။ ဒါပေမဲ့ အခုလို နွေရာသီမှာ အသားအရေက သာမန်အချိန်တွေထက် ပိုမိုအဆီပြန်နေရတာကို ခံစားရခြင်းက သာမန်ဖြစ်စဥ်တစ်ခုပဲလို့ အရေပြား ဆရာဝန်များက ပြောကြားထားပါတယ်။

အပူချိန်က နွေးထွေးနေတဲ့အချိန် (သို့) ပူအိုက် ခြောက်သွေ့နေတဲ့အချိန်မှာ ကွီးတို့ရဲ့ ချွေးပေါက်ထဲကနေ ချွေးပိုထွက်လာတတ်ပါတယ်။ ထိုမှတဆင့် အဆီတွေ ထွက်လာတာဖြစ်ပြီး ချွေးပေါက်တွေ ပိတ်သွားရာကနေတဆင့် ဝက်ခြံပေါက်ခြင်းတွေ ဖြစ်ပေါ်လာရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ ထိုပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေလည်း ရှိပါတယ်။

ကွီးတို့ရဲ့ Moisturizer ကို ပြောင်းလဲလိုက်ပါ

နွေရာသီ အဆီ

နွေရာသီမှာ အဆီပြန်တဲ့အတွက်ကြောင့် Moisturizer သုံးစရာမလိုဘူး။ သုံးရင် အဆီပိုပြန်မှာပေါ့လို့ ကွီးတို့ ထင်ကြပါလိမ့်မယ်။ နိုးပါ။ အဲ့ဒီလို မဟုတ်ပါဘူး။

အပူနဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် အသားအရေက ရေဓာတ် ပိုမို ခမ်းခြောက်တတ်ပြီး ယားယံခြင်းကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ ကွီးတို့က သာမန်အချိန်တွေမှာ Moisturizer Cream မျိုးကို အသုံးပြုတယ်ဆိုရင် နွေရာသီမှာတော့ အဲ့ဒီလို Moisturizer တွေအစား လိမ်းထားမှန်း မသိသာစေတဲ့ Lightweight ဖြစ်တဲ့ Moisturizer မျိုးကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ Lightweight ဖြစ်တဲ့ Moisturizer တွေကသာလျှင် ကွီးတို့ရဲ့ ချွေးပေါက်တွေကို ပိုမို သန့်ရှင်းသွားအောင် ၊ ချွေးပေါက် မပိတ်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

Salicylic (သို့) Glycolic အက်ဆစ်တို့ ပါဝင်တာကို အသုံးပြုပါ

နွေရာသီ အဆီ

Salicylic အက်ဆစ်ရော Glycolic အက်ဆစ်ရောက ကွီးတို့ရဲ့ အရေပြားကို ချေးချွတ်ပေးပြီး အဆီ ထုတ်လွှတ်မှုကြောင့် ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို သန့်ရှင်းပေးနိုင်ပါတယ်။ ထို အက်ဆစ်ဓာတ်များကို ဘယ်မှာ တွေ့ရသလဲဆိုရင် မျက်နှာသစ်ဆေး ၊ တိုနာနဲ့ စီရမ်တွေမှာ တွေ့နိုင်ပါတယ်။ Salicylic ကတော့ မနက်ရော ၊ ညပါ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ကွီးတို့က Glycolic အက်ဆစ် ပါဝင်တဲ့ ပစ္စည်းနဲ့ တွဲသုံးမယ်ဆိုရင်တော့ Salicylic ကို ညဘက်မှာ သုံးရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ ချက်ချင်းကြီး စွဲသုံးတာမျိုး မဟုတ်ဘဲ ဖြည်းဖြည်းချင်းစီသာ စွဲသုံးပေးရပါမယ်။ ဥပမာ ထိုအက်ဆစ်ဓာတ်များ ပါဝင်တဲ့ ပစ္စည်းတွေကို တစ်ပတ်လျှင် တစ်ကြိမ်လောက် ဖြည်းဖြည်းချင်း စမ်းသုံးကြည့်ရာကနေ ကွီးတို့ အသားအရေကို တစ်ချက် ကြည့်ကြည့်လိုက်ပါ။ တိုးတက်မှု ရှိလာမှ အကြိမ်ရေ တိုးကာ အသုံးပြုကြည့်ပါ။

နေလောင်ကာခရင်မ်ကို ပြောင်းလဲလိုက်ပါ

နွေရာသီ အဆီ

နေလောင်ကာခရင်မ်သည်လည်း Moisturizer နည်းတူပါပဲ။ ချွေး အလွန်အမင်း ထွက်စေတဲ့ ထူထူပိတ်ပိတ် နေလောင်ကာ ခရင်မ်မျိုးထက် လိမ်းထားမှန်းမသိသာဘဲ ပေါ့ပါးတဲ့ နေလောင်ကာ ခရင်မ်မျိုးကို ပြောင်းလဲ အသုံးပြုကြည့်လိုက်ပါ။ နေပူထဲ ထွက်တော့မယ် ဆိုရင်လည်း နေလောင်ကာခရင်မ် လိမ်းကျံဖို့ မမေ့ပါနဲ့။ နေရောင်ခြည်က ထွက်တဲ့ UVB နဲ့ UVA အလင်းတန်းတွေက ကွီးတို့ရဲ့ အသားအရေကို အိုမင်းရင့်ရော်လာစေပြီး အရေပြားကင်ဆာပါ ဖြစ်ပေါ်စေနိုင်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။

ကွီးတို့ရော နေပူထဲ သွားတဲ့အခါ နေလောင်ကာခရင်မ်ကို သေချာ လိမ်းကျံရဲ့လား။

Source: Everydayhealth

Featured Image: Freepik