ဒီတစ်နှစ်ပတ်လုံးမှ ကွီးတို့ ကျန်းမာရေး ကောင်းကောင်းနဲ့ ကိုယ်လုပ်ချင်တာတွေကို လုပ်ခဲ့နိုင်ပါသလား။ ဒါမှမဟုတ် ကျန်းမာရေးမကောင်းလို့ ကိုယ်လုပ်ချင်တာတွေ မလုပ်လိုက်ရဘဲ လက်လွှတ်ခဲ့ရတာတွေ ရှိပါသလား။ ကျန်းမာရေး က လူသားတို့ အတွက် အလေးထားရမယ့် အရေးအကြီးဆုံး ကဏ္ဍတစ်ခုပါ။ ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပြီး မိမိလုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်နိုင်မှာပါ။ ကျန်းမာ ကြံ့ခိုင်ဖို့ဆိုတာ သိပ်ပြီးတော့ မခက်ခဲပါဘူး။ အလေ့အကျင့်ကောင်းတွေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှုရှိဖို့ပဲ လိုတာပါ။ ဒီနေ့မှာတော့ ကွီးတို့အတွက် လာမယ့် ၂၀၂၄ နှစ်သစ်မှာ နှစ်ဆ ပိုမိုကျန်းမာ ကြံ့ခိုင်တဲ့သူ ဖြစ်စေဖို့ အလေ့အကျင့်ကောင်းတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပါ

နှစ်သစ်မှာ နှစ်ဆ

Photo : Vista Create

ကွီးတို့ရေ ကျန်းမာဖို့အတွက်ဆိုရင် လေ့ကျင့်ခန်း လုပ်ခြင်းကလည်း ပုံမှန် ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပါပဲ။ ယနေ့ခေတ် လူအဖွဲ့အစည်းပုံစံ အရ စားပွဲမှ အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတာ၊ Screen Time များတာ စတာတွေကြောင့် လှုပ်ရှားမှု မရှိဘဲ ခန္ဓာကိုယ်အတွက် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် ကွီးတို့နဲ့ ကိုက်ညီမဲ့ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို ပြုလုပ်ပေးပါ။

ရေများများသောက်ပါ

နှစ်သစ်မှာ နှစ်ဆ

Photo : Vista Create

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ရဲ့ ရေဓာတ် ၈၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတယ်ဆို သိရှိပြီးသား ဖြစ်မှာပါ။ လူသားများရဲ့ ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများ၊ ဆဲလ်များနှင့် တစ်ရှူးအားလုံးတို့ကို ကောင်းမွန်စွာလည်ပတ်စေရန် ရေဓာတ်ကို အသုံးပြုသောကြောင့် နေ့စဉ်ရေကို လုံလောက်စွာသောက်သုံးရန်မှာ အမှန်တကယ်ပင် အရေးကြီးပါတယ်။ အကြံပြုချက်များအရ လူတစ်ယောက်အတွက် တစ်နေ့လျှင် ရေခြောက်ခွက် ကနေ ရှစ်ခွက် အထိ သောက်သုံးဖို့ ဆိုထားပါတယ်။ ရေသာက်နည်းလျှင် သို့မဟုတ် ရေကိုလုံလောက်စွာ မသောက်လျှင် ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသားအရေ ခမ်းခြောက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မနက်စာ ပုံမှန်စားပါ

နှစ်သစ်မှာ နှစ်ဆ

Photo : Vista Create

မနက်စာ စားခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အမှန်တကယ်ပင် အရေးကြီးပါတယ်။ ကွီးတို့ရောမနက်စာ ပုံမှန်စားဖြစ်ကြပါသလား။ အလုပ်ရှုတ်နေလို့ဖြစ်စေ၊ မနက်မထဖြစ်လို့ဖြစ်စေ မနက်စာ  လွတ်နေတဲ့ ကွီးတို့ရှိပါသလား။ မနက်စာစားခြင်းဟာ တစ်နေ့တာမှာ ခန္ဓာကိုယ်ကို လှုပ်ရှားရုန်းကန်နိုင်စေဖို့ အရေးကြီးတဲ့ ယန္တရား တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ကွီးတို့ မနက်စာ မစားဖြစ်တာ တစ်ရက်တစ်လေ ဆို ကိစ္စမရှိပေမဲ့ နေ့စဉ်ဖြစ်လာပြီ ဆိုရင်တော့ ရက်ဆက် ပြဿနာရှိ လာနိုင်ပါတယ်။ မနက်စာမစားခြင်းကြောင့် နောက်ဆက်တွဲ အနေနဲ့ ကိုယ်အလေးချိန်တတ်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ၊ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေတာ အစရှိတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေကို လျှော့ချပါ

Photo :  Vista Create

လူတိုင်း လူတိုင်းမှာ နေ့စဉ်နဲ့ အမျှ စိတ်ဖိစီးမှုတွေ အနည်းနဲ့ အများကြုံတွေ့နေရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ရတဲ့အခြေအနေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ပြင်းထန်တာနဲ့ လျော့ပါးတာသာ ကွာခြားမှုရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဖြစ်လာပြီဆိုရင်တော့ ကွီးတို့ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေ ရှိလာနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝ ကို ရယူဖို့ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။

ကောင်းမွန်စွာ အိပ်စက်အနားယူပါ

Photo : Vista Create

ကျန်းမာကြံ့ခိုင်တဲ့ ဘဝကို ရယူနိုင်ဖို့ဆိုရင် လုံလောက်သော အိပ်စက်အနားယူခြင်းကလည်း အရေးကြီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပုံမှန်လူတစ်ယောက်အတွက် တစ်ညလျှင် ခုနစ်နာရီမှ ရှစ်နာရီအထိ အိပ်စက်ခြင်းဖြင့် ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်စေပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း မရှိတာက ကျန်းမာရေးအတွက် ဆိုးဝါးသော သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အလေ့အကျင့်ကောင်းလေးတွေကိုသာ ပုံမှန်လိုက်နာပေးရင် နှစ်သစ်မှာ နှစ်ဆ ပိုမို ကျန်းမာ ကြံ့ခိုင်တဲ့သူ တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။ ဒီနှစ်မှာ ဒီအချက်တွေကို မလိုက်နာမိရင်တောင် လာမယ့်နှစ်အတွက် အခုကတည်းက ဒီအလေ့အကျင့်ကောင်းတွေကို မွေးမြူပါ။

Source : Web MD

Featured Photo : Vista Create