ရုပ်ရှင် ကြည့်နေရင်းနဲ့ ရုတ်တရက် ကြောက်သွားတာမျိုး၊ ကြက်သီးတဖြန်းဖြန်း ထသွားတာမျိုးတွေ ကြုံဖူးပါသလား။ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို မကြည့်ရဲဘဲနဲ့ ကြည့်ရင်တော့ ကြုံဖူးပါလိမ့်မယ်။ အခုဖော်ပြမယ့် ဇာတ်ကားတွေကတော့ အသည်းငယ် သူတွေ နှလုံးခုန် ရပ်သွားမှာကို မလိုလားတဲ့သူတွေ မကြည့်သင့်တဲ့ ဇာတ်ကား တွေပါပဲ။ တားမရလို့ ကြည့်ရင်တော့ ကွီးတို့ရဲ့ တာဝန်ပါပဲ။

Death Whisperer

Source: GVPictures

ဒီဇာတ်ကားကတော့ မနှစ်က ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။​ အစ်ကို အကြီးဆုံး ဖြစ်သူသည် သူ့ရဲ့ မွေးရပ်မြေဆီသို့ ပြန်ရောက်လာခဲ့တဲ့ အချိန်မှာ သူ့ရဲ့ အချစ်ဆုံး ညီမ အငယ်ဆုံးလေးက ထူးဆန်းတဲ့ ဝေဒနာကို ခံစားနေရတာဖြစ်ပြီး ထူးဆန်းတဲ့ အပြုအမူတွေကို ပြုမူနေတာပဲ ဖြစ်ပါတယ်။ သူ့ညီမကို ထိုအန္တရာယ်တွင်းထဲကနေ ကယ်နတ်ဖို့အတွက် သူ ဘယ်လို ဆက်လုပ်မလဲ။

Talk to Me

Source: A24

သူငယ်ချင်း အုပ်စု တစ်ဖွဲ့က ရုပ်တု လက်တစ်ခုကို အသုံးပြုပြီး မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောနိုင်တယ် ဆိုတာကို သိသွားကြတဲ့အခါ သူတို့ရဲ့ စမ်းသပ်မှုကြီးကို စတင်ဖို့ ကြံရွယ်ပါတော့တယ်။ အဲ့ဒီလိုကနေ သူတို့အဖွဲ့ထဲက အကြောက်တတ်ဆုံးသူကို ထိုလက် ရုပ်တုကို ကိုင်ပြီး သရဲ ဝင်အပူးခံဖို့ ဖိအားပေးပါတော့တယ်။ ဒီလိုနဲ့ပဲ မကောင်းဆိုးဝါးတွေက အမှန်တကယ် ဖွင့်ထွက်လာတဲ့အခါမှာတော့…

The Conjuring: The Devil Made Me Do It

Source: Warner Bros. Pictures

1981ခုနှစ်က တကယ့်ဖြစ်ရပ်ဆန်းကျယ် မကောင်းဆိုးဝါး ဝင်ပူးပြီး လူသတ်မိတဲ့ လူသတ်မှုနဲ့ တရားရင်ဆိုင်ရတဲ့ Arne Johnsonရဲ့ အကြောင်းကို Conjuring 3ရုပ်ရှင်မှာ အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပုံမှန် သရဲခြောက်တဲ့ အိမ်ပုံစံ ဇာတ်လမ်းတွေကနေ ခွဲထွက်ပြီး မကောင်းဆိုးဝါးဝင်ပူးပြီး လူသတ်တာသာ ဖြစ်ကြောင်းကို တရားရင်ဆိုင်ရတဲ့ Arne Johnsonဘက်ကနေ Warrenလင်မယားက အမှန်တိုင်း လူသိရှင်ကြားချပြကြရမယ့် case ဖြစ်ပါတယ်။ USရဲ့ သမိုင်းမှာ ပထမဆုံးအဖြစ် သံသယရတရားခံဟာ မကောင်းဆိုးဝါးဝင်ပူးပြီး သတ်တာသာဖြစ်ကြောင်း ပြန်ချေပတဲ့ အမှုအကြောင်းပါပဲ။ ဒီရုပ်ရှင်မှာ တကယ့်အပြင်က Arne Johnson ကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးမှုမှာပါဝင် ကူညီထားပါသေးတယ်။

The Meg

Source: Warner Bros. Pictures

ဒီဇာတ်ကားကတော့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Box Office မှာ အမေရိကန်ဒေါ်လာ ၅၃၀.၂ မီလီယံခန့် ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အကျဥ်းကတော့ ရေအောက် သုတေသန ရှာဖွေလေ့လာရေး အသင်းကြီးသည် မျိုးသုဥ်းပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့ ဧရာမ ငါးမန်းကြီး တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ ကျွမ်းကျင် ရေငုတ်သမားသည် ထိုသုတေသနအဖွဲ့ကို ကယ်တင်ဖို့အတွက် ငှားရမ်းခြင်းခံလိုက်ရပါတယ်။ သူတို့အဖွဲ့သည် ဧရာမ ငါးမန်းကြီး လူထူထပ်တဲ့နေရာသို့ မရောက်အောင် အချိန်မှီ တားဆီးရမှာပဲ ဖြစ်ပါတယ်။ သူတို့တွေ အချိန်မှီ တားဆီးနိုင်ပါ့မလား။

Barbarian

Source: 20th Century Studios

အမျိုးသမီးငယ်တစ်ဦးသည် သူ ကြိုတင်ဘိုကင်တင်ထားပြီး ငှားဖို့ ပြင်ထားတဲ့ အိမ်တစ်အိမ်မှာ သူစိမ်းတစ်ယောက် ရောက်နေတာကို သတိထားမိ ပါတော့တယ်။ ရှောင်လွဲမရတဲ့ အကြောင်းအရာများကြောင့် သူလည်း ထိုညကို ထိုအိမ်မှာပဲ အချိန်ကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူ(မ)ရဲ့ ဆုံးဖြတ်ချက်က သူ(မ)အတွက် ဘယ်လိုအန္တရာယ်တွေ ဘူဆောင်ခဲ့မလဲ ဆိုတာကို သိချင်ရင်တော့ ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့်လိုက်ပါ။

Abigail

Source: Universal Trailer

လူတစ်ယောက်က လူမိုက်တစ်အုပ်စုကို ငှားရမ်းကာ ဘဲလေးအကသမား တစ်ယောက်ကို ပြန်ပေးဆွဲခိုင်းပါတယ်။ ထိုလူမိုက်အုပ်စု မသိသေးတာကတော့ သူတို့ ပြန်ပေးဆွဲလိုက်တဲ့ ကောင်မလေးရဲ့ လက်ထဲမှာ သူတို့ သေရမယ်ဆိုတာပါပဲ။ သူတို့ကို မက်လုံးပေးထားတာကတော့ ထိုကောင်မလေးရဲ့ အဖေက သူဌေးကြီးတစ်ယောက် ဖြစ်ပြီး သူ့ဆီကနေ ဒေါ်လာ သန်း ၅၀ တောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ကြီးတစ်လုံးထဲမှာ ကောင်မလေးနဲ့ သူတို့တွေပဲ ပိတ်မိပြီး ကျန်နေခဲ့တယ်ဆိုတာကို သိလိုက်တဲ့အချိန်မှာတော့ အချိန်နှောင်းသွားခဲ့ပါပြီ။

အခုဖော်ပြသွားတဲ့ ဇာတ်ကားတွေကတော့ သည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရမယ့် ဇာတ်ကားများပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က သည်းထိတ် ရင်ဖို ဇာတ်ကားတွေကို မကြိုက်ဘူး၊ နှလုံးခုန် ရပ်မသွားချင်ဘူး ဆိုရင်တော့ ဒီ ဇာတ်ကား များကို မကြည့်တာ အကောင်းဆုံးပါပဲ။

Source: Moviefone

Featured Image: Freepik