ကျနော်တို့ နေ့စဥ် အသုံးပြုနေတဲ့ ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိတောင် ထိခိုက်ပျက်စီးစေသလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်ဖူးပါသလား။ ယနေ့ခေတ်မှာ သဘာဝ ပတ်ဝန်းကျင်ကို အလေးထားကာ ကယ်တင်နေကြသူတွေလည်း ရှိသလို၊ သဘာဝ ပတ်ဝန်းကျင်ကို မမှုတဲ့သူတွေလည်း တစ်ပုံကြီးပါပဲ။ ကွီးတို့ရော ဘယ်ထဲမှာ ပါပါသလဲ။ တကယ်တော့ သဘာဝ ပတ်ဝန်းကျင်သည် ကျနော်တို့လူသားတွေ အသက်ရှင် ရပ်တည်နေဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကျနော်တို့ နေ့စဥ် အသုံးပြုနေတဲ့ ပစ္စည်း တွေထဲမှာ အခုဖော်ပြတဲ့ ပစ္စည်းများကို အသုံးပြုမယ်ဆိုရင်တော့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ် ဆိုသလို ကမ္ဘာကြီးလည်း ကယ်တင်၊ လူနေမှု အဆင့်အတန်းလည်း အဆင့်မြင့်မြင့်နဲ့ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။
Garmin Instinct Solar-Powered Outdoor Smartwatch

Source: Garmin
သူ့ထဲမှာ Solar Panels ပါဝင်ပြီး ထိုကနေတဆင့် အားသွင်းထားလို့ရပါတယ်။ GPS Tracking ကတော့ ကွီးတို့ ပြေးနေချိန်၊ စက်ဘီးစီးနေနိုင်ချိန်၊ ရေကူးနေချိန်နှင့် အခြားသော အားကစားများ ပြုလုပ်နေချိန်မှာ ဖော်ပြပေးနေမှာပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ဦးစားပေး စမတ်နာရီမဟုတ်တဲ့အတွက်ကြောင့် နှလုံးခုန်နှုန်းနှင့် အိပ်စက်ချိန်တို့ကို မှတ်သားထားကာ ဖော်ပြပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ထဲမှာ ပါဝင်တဲ့ Pulse Ox ဆင်ဆာကတော့ အောက်စီဂျင်ပမာဏကို တိုင်းတာ ဖော်ပြပေးမှာပဲဖြစ်ပါတယ်။
ထပ်ခါတလဲလဲ အသုံးပြုနိုင်တဲ့ မှတ်စုစာအုပ်

Source: Onedayonly
ရုံးသုံး၊ ကျောင်းသုံး စာအုပ်များ၊ စာရွက်များသည် ပတ်ဝန်းကျင်ကို ပလပ်စတစ်တွေလောက် မပျက်စီးစေနိုင်ပေမယ့် သဘာဝ ပတ်ဝန်းကျင်ကို ကောင်းကျိုးပေးတဲ့အထဲတော့ မပါပါဘူး။ စာအုပ်တွေကို ဟောတစ်အုပ်၊ ဟောတစ်အုပ် သုံးမယ့်အစား ဒီလိုမျိုး Reusable Notebook လေး အသုံးပြုမယ်ဆိုရင် စာအုပ်တွေ ခဏ ခဏ ဝယ်စရာမလိုတော့ ပိုက်ဆံအကုန်အကျလည်း သက်သာသွားမှာပဲ ဖြစ်ပါတယ်။
Pela Penguin Ocean ဖုန်းကာဗာ

Photo: Pelacase
ကွီးတို့ရဲ့ ဖုန်းကာဗာတွေကို ခဏ ခဏ ပြောင်းသုံးဖြစ်ကြတယ် ဟုတ်။ ဒါဆိုရင်တော့ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေတဲ့ ဖုန်းကာဗာမျိုးကို အသုံးပြုဖို့ လိုအပ်နေပါပြီ။ ဒါဆိုရင်တော့ Pela Penguin Ocean ဖုန်းကာဗာကို အသုံးပြုသင့်ပါတယ်။ သူ့ဖုန်းကာဗာတစ်ခုလုံးက ပြန်လည်အသုံးပြုလို့ရပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု နည်းစေဖို့အတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
Microsoft Ocean Plastic Mouse

Photo: Theverge
ဒီ Microsoft Ocean Plastic Mouse ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများရဲ့ ၅ ပုံ ပုံ ၁ ပုံသည် မြစ်နှင့် ပင်ယ်ပြင်များမှ စုစည်းရရှိတဲ့ ပလပ်စတစ်အမှိုက်များကို ပြန်လည် အသုံးပြုထားတာပဲဖြစ်ပါတယ်။ ထိုအမှိုက်များကို အရင်ဦးဆုံး ချေမွလိုက်ပါတယ်။ ထို့နောက် သန့်စင်သွားအောင် ရေဆေး သန့်စင်ပြီးတဲ့နောက်မှာ အခြားသော ကုန်ကြမ်းပစ္စည်းများနှင့် ပေါင်းစပ်ပြီး ပစ္စည်းသစ်တစ်ခု ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ရရှိလာတဲ့ Mouse ကို ထုတ်ပိုးတဲ့နေရာမှာလည်း သစ်သားနှင့် ကြံအမျှင်များကို ပေါင်းစပ်ထားတဲ့ ဘူးကို အသုံးပြုကာ ထုတ်ပိုးထားတာပဲဖြစ်ပါတယ်။
Smart Power Strips

Photo: Walmart
လျှပ်စစ်အားသွင်းကြိုးများကို အားမသွင်းထားဘဲနဲ့ ကြိုးတန်းလန်းတပ်ထားခြင်းသည်လည်း လျှပ်စစ်စွမ်းအင်ကို ဖြုန်းတီးနေတာပဲဖြစ်ပါတယ်။ ကွီးတို့က မေ့သွားလို့ပဲဖြစ်ဖြစ်၊ တမင်ထားခဲ့တာမျိုးပဲဖြစ်ဖြစ် မပြုလုပ်သင့်ပါဘူး။ အခုလို ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုမှာ မီးဘေးအန္တရာယ်ကိုလည်း ဂရုစိုက်ရမယ်မဟုတ်လား။ Smart Power Strips ကကျတော့ ကွီးတို့ရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး ဘာကိုမှ အသုံးမပြုဘဲ ပလပ်ပေါက် ဖွင့်ထားမယ်ဆိုရင် လျှပ်စစ်က သူ့အလိုလို ပိတ်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်။ ဖုန်းကနေလည်း အဖွင့်အပိတ် လုပ်လို့ရတာဆိုတော့ အလုပ်များတဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
ကွီးတို့လည်း အခုဖော်ပြသွားတဲ့ ပစ္စည်း တွေ အသုံးပြုရင်း ဘဝမှာ အဆင့်မြင့်မြင့်လည်း နေထိုင်နိုင်မှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ကယ်တင်နိုင်မှာဆိုတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ် နိုင်ပြီပေါ့ဗျာ။
Source: Ourendangeredworld
Featured Image: Brightly
