ပရိုတင်းဟာ ကွီးတို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။ ကြွက်သား ဖွံ့ဖြိုးကြီးထွားဖို့ ၊ စွမ်းအင်ရရှိဖို့အပြင် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းစွာလည်ပတ်နိုင်ဖို့ ပရိုတင်းဓာတ်ဟာ အဓိကထောက်ပံ့ပေးနေတာပါ။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းကနေ လက်ရှိအချိန်အထိ ပရိုတင်း စားသုံးမှုနဲ့ ပတ်သတ်ပြီး လွဲမှားနေတဲ့ အယူအဆတွေ ရှိနေပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်ရအောင်ပါ။
(၁) ပရိုတင်းစားလေ ကြွက်သားထု တက်လေ
Photo : StrengthLog
ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့ ပရိုတင်းဓာတ် လိုအပ်တယ်ဆိုပေမယ့် ပရိုတင်းတစ်မျိုးတည်း စားရုံနဲ့တော့ ကြွက်သားထု မတက်နိုင်ပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း သို့မဟုတ် ပုံမှန်လေ့ကျင့်ရေး အစီအစဉ်တွေ မဖြစ်မနေလုပ်ဖို့ လိုပါတယ်။ ပရိုတင်းဓာတ်က လေ့ကျင့်ခန်း လုပ်ဆောင်စဉ်အတွင်းမှာ ပြိုကွဲသွားတဲ့ ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပေးပြီး ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားလာအောင် ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ကြွက်သားထု ဖွံ့ဖြိုးကြီးထွားဖို့အတွက်ဆို ကယ်လိုရီစားသုံးမှုနဲ့ အာဟာရမျှတမှု ရှိဖို့ကလည်း သေချာပေါက် လိုအပ်ပါတယ်။
(၂) ပရိုတင်းနဲ့ ကျောက်ကပ် ကျန်းမာရေး
Photo : Physicians Alliance of Connecticut
ပရိုတင်း ဓာတ်ပါဝင်တဲ့ အစားအစာတွေဟာ ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ အများစု သိထားကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒါဟာ လွှဲမှားနေတဲ့ အယူအဆတစ်ခုပါ။ သို့သော် ကျောက်ကပ်ဆိုင်ရာ ပြဿနာ ရှိသူတွေအနေနဲ့ ပရိုတင်းဓာတ်စားသုံးမှု မျှမျှတတရှိဖို့တော့ အရေးကြီးပါတယ်။
(၃) အပင်ကရတဲ့ ပရိုတင်းထက် အသားက ပိုကောင်းတယ်
Photo : British Nutrition Foundation
အသားကနေရတဲ့ ပရိုတင်းနဲ့ အပင်ကရတဲ့ ပရိုတင်း ဆိုပြီး ၂ မျိုးရှိပါတယ်။ မတူကွဲပြားတဲ့ အစားအစာ အမျိုးအစားအလိုက် ပရိုတင်းပါဝင်မှုဟာ အနည်းငယ် ကွဲလွဲနိုင်ပေမယ့် အကျိုးအာနိသင်ကတော့ အတူတူပါပဲ။ အသားကမှ ပရိုတင်း ဓာတ်ပြည့်ပြည့်ဝဝ ရနိုင်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အချို့ အပင်ကရတဲ့ ပရိုတင်းမှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပြီး ပြည့်ဝဆီပါဝင်မှု နည်းသလို ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်တဲ့ Antioxidants တွေပင် ပါဝင်တာတွေ့ရပါတယ်။
(၄) လေ့ကျင့်ခန်း လုပ်ပြီးနောက် ချက်ချင်း ပရိုတင်းစားတာ ပိုထိရောက်တယ်
Photo : Men’s Health
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးနောက်မှာ အချိန်ကိုက် ပရိုတင်းဓာတ် စားသုံးပေးတာဟာ ကြွက်သားကြီးထွားဖို့အတွက် အထောက်အကူ ပိုဖြစ်စေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်းမှ မဟုတ်ပါဘူး။ တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်းပမာဏကို ပြည့်စုံလုံလောက်စွာ စားသုံးပေးမယ်ဆိုရင်ပဲ ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြုပြင်ပေးပြီး ကြွက်သားကြီးထွားစေဖို့ ကူညီပေးနိုင်ပါတယ်။
Source : Thehealthsite
Featured Photo : The New York Times